အသက် ၃၇နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ် တကျော့ပြန်ခရီးဟာ ထင်သလောက် အောင်မြင်မှု မရခဲ့ပေမယ့်၊ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က ထက်မြက်နေဆဲ ဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ၃၈ပွဲကစားခဲ့ရာမှာ ၂၄ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တူဂီသား ပြန်လာခဲ့ခြင်းက ယူနိုက်တက်ကို ရပ်တည်မှု မြင့်မားအောင် တွန်းအားပေးနိုင်ခြင်း မရှိခဲ့ပဲ၊ သရဲနီတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၆နေရာနဲ့ ရာသီသိမ်းခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုး အရေအတွက်က အထင်ကြီးစရာ ဖြစ်ပေမယ့်၊ သူဟာ ကွင်းအတွင်း ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှု အပိုင်းမှာ အားနည်းတယ်လို့ တော်တော်များများက ယူဆနေကြပါတယ်။

ဒါ့ကြောင့် ရော်နယ်လ်ဒိုရဲ့ လက်ရှိ ကစားဟန်ဟာ နည်းပြသစ် အဲရစ်တန်းဟဂ်ရဲ့ ဖိအားပေး ကစားဟန်နဲ့ အံဝင်နိုင်ဖို့ အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပြီး၊ လီဗာပူးလ် ဂန္တဝင် ဂျင်မီကာရေဂါက သူ့ကို ဒီနွေရာသီမှာ ရောင်းထုတ်သင့်တယ်လို့ အခုလို ပြောထားပါတယ်။

“မန်ချက်စတာ ယူနိုက်တက် အနေနဲ့ လာမယ့် ဘောလုံးရာသီကို အသက်၃၈နှစ် ပြည့်ခါနီးပြီဖြစ်တဲ့ အထောင်တိုက်စစ် ကစားသမားနဲ့ ခရီးဆက်ဖို့ မဖြစ်နိုင်ပါဘူး။ သူက အသင်းအတွက် ဂိုးတွေအများကြီး သွင်းယူ ပေးနေရင်တောင် ယူနိုက်တက်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုလို့ မဆိုနိုင်ပါဘူး။”

ကာရေဂါက ရော်နယ်လ်ဒိုကို အခုလို ဝေဖန်ခဲ့ပေမယ့်၊ ရော်နယ်လ်ဒိုနဲ့ ၃နှစ်ကြာ တွဲကစားခဲ့ဖူးတဲ့ ပက်ထရစ် အီဗရာက သူ့ရဲ့ အသင်းဖော်ဟောင်းကို ထောက်ခံသွားခဲ့ပြီး၊ ရော်နယ်လ်ဒိုသာ မရှိခဲ့ရင် ယူနိုက်တက်တို့ ဘယ်နေရာမှာ ရပ်တည်နေမလဲ ဆိုတာကို အခုလို မေးခွန်းထုတ်သွားခဲ့ပါတယ်။

“ယူနိုက်တက်မှာ ခရစ္စတီယာနိုရဲ့ တည်ရှိနေမှုကို မေးခွန်းထုတ်နေစရာ မလိုပါဘူး။ လာမယ့် ဘောလုံးရာသီမှာ ကျွန်တော်တို့ သူ့ကို ထားခဲ့လို့ ရပါ့မလားဗျ၊ ဒီရာသီမှာ သူက ပရီးမီးယားလိဂ် သွင်းဂိုး၁၈ဂိုးတောင် သွင်းယူပေးခဲ့တာလေ။”

“ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒီအသင်းမှာ ခရစ္စတီယာနိုသာ မရှိခဲ့ရင် ကျွန်တော်တို့ အသင်း ဘယ်နေရာ ရောက်နေမလဲ ခင်ဗျား စဉ်းစားကြည့်ပါဦး။ သူ့ရဲ့ ဒီလို အရေးပါမှုကြောင့် လူတွေက သူ့အကြောင်းကို ဝေဖန်စရာ အနေနဲ့ ပြောနေကြတာပါ။”

“သူတို့ အဲလို ဝေဖန်နေတာ ကျွန်တော် သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ရော်နယ်လ်ဒိုကို ဝေဖန်နေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အလိုမပြည့်ကြတာ ဒါမှမဟုတ် ရော်နယ်လ်ဒိုအပေါ် မနာလိုတာကြောင့် ဖြစ်ပါလိမ့်မယ်။”

“လာမယ့် ဘောလုံးရာသီမှာ ရော်နယ်လ်ဒို မပါပဲ ယူနိုက်တက်တို့ ခရီးဆက်သင့်တယ် ဆိုတဲ့အတွေးက အရမ်း မိုက်မဲရာကျပါတယ်။ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် ထပ်မဖြေချင်တော့ပါဘူး။”

“ဘာလို့လဲဆိုတော့ အခု ခင်ဗျားတို့ မေးနေကြတဲ့ ပုံစံတူ မေးခွန်းကို ကျွန်တော် အကြိမ်ပေါင်းများစွာ ဖြေခဲ့ပြီးပြီလေ။ ကျွန်တော် ခင်ဗျားကို ဥပမာတခု ပြောပြမယ်ဗျ။ ရော်နယ်လ်ဒိုကို မန်စီးတီး၊ လီဗာပူးလ်နဲ့ ချဲလ်ဆီး အသင်းတို့မှာ ကစားခိုင်းကြည့်လိုက်ပါ။”

“အဲလို အသင်းတွေမှာ ကစားရင်လည်း ရော်နယ်လ်ဒိုက အခုအတိုင်း ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေဦးမှာပါ။ ဒါပေမယ့် သူတို့ အသင်းတွေက အကောင်းဆုံးဆိုတဲ့ ကစားသမားတွေ ယူနိုက်တက်ကို လာပြီး ကစားခိုင်းကြည့်လိုက်ပါ။”

“ဥပမာ မိုဆာလာကို ယူနိုက်တက်မှာ လာပြီး ကစားခိုင်းကြည့်လေ။ သူ သေချာပေါက် ရုန်းကန်ရပါလိမ့်မယ်။ မိုဆာလာမှ မဟုတ်ပါဘူး သူတို့ဆီက အကောင်းဆုံးဆိုတဲ့ ကစားသမားတွေလည်း ယူနိုက်တက်ကို လာကစားခဲ့ရင် ရုန်းကန်ရမှာပါ။”

“ကျွန်တော် အခုလိုပြေတာက ကိုယ့်သူငယ်ချင်း ဖြစ်နေလို့ ဘက်လိုက်တယ်လို့ ခင်ဗျားတို့ ပြောကြပါလိမ့်မယ်။ ကျွန်တော် ဘက်လိုက်ပြီးပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့ အလုပ်အပေါ် ထားရှိတဲ့ ခံယူချက်နဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ကျွန်တော် တကယ်သဘောကျတာပါ။”