ညက ကစားသွားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူနိုက်တက်တို့က ဖာနန်ဒက်စ်၊ စီရော်နယ်ဒို၊ ဗာရန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ (၃-ဝ)ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ယူနိုက်တက်တို့ဟာ ရန်းနက် လက်ထက် အကောင်းဆုံးခြေစွမ်းတစ်ခုကို ပြသခဲ့ကြတယ်လို့ပြောရမှာဖြစ်ပြီး ဂိုးဖန်တီးမှု များစွာနဲ့ အတူ ဘရန့်ဖို့ဒ်ကို ဒုက္ခကောင်းကောင်းပေးပြီး ကစားသွားနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်တို့ဟာ ဂိုးသမားနေရာမှာ ဒီဂီယာ၊ နောက်တန်းမှ မတ်ဂွဲယား၊ လုခ်ရှောတို့နာနေတာကြောင့် ဒါလော့၊ ဗာရန်း၊ လင်ဒီလော့၊ တဲလက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး၊ အလယ်တန်းမှာတော့ တိုမီနေးနဲ့ မာတစ်အတွဲကို ခင်းကျင်းထားခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာ စီရော်နယ်ဒိုကို အထောင်တိုက်စစ်နေရာမှာ ထားကစားစေခဲ့ပြီး၊ အီလန်ဂါ၊ မာတာ၊ ဖာနန်ဒက်စ်တို့ရဲ့ တွဲလုံးတွေနဲ့ တိုက်စစ်ဆင် ကစားစေခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကတော့ ပုံမှန်ပွဲထွက်လူစာရင်းဖြစ်တဲ့ ဂိုးသမားနေရာမှာ ရာယာ၊ နောက်တန်းမှာ ဟင်နရီ၊ ဘတ်ချ်၊ ဂျက်ဆန်၊ အေဂျာ၊ ရိုဆလဗ်တို့ ပွဲထွက်လာခဲ့ပါတယ်။

ကွင်းလယ်မှာ အဲရစ်ဆန်၊ နော်ဂတ်ဒ်၊ ဂျက်နတ်တို့ ပွဲထွက်လာခဲ့ပြီး၊ တိုက်စစ်မှာ တိုနေးနဲ့ အမ်ဘီမိုတို့ ပွဲထွက်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ်တို့ဟာ နောက်တန်း (၅)ယောက်ထိ ထားပြီး မန်ယူနိုက်တက်တိုက်စစ်ပိုင်းကို တုန့်ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ဘူးလို့ဆိုရမှာပါ။

မန်ယူနိုက်တက်တို့ကပဲ ပွဲကို သေချာထိန်းချုပ်ပြီး ကစားခဲ့နိုင်ခဲ့တယ်လို့ သုံးသပ်ရမှာဖြစ်ပြီး လိုအပ်တဲ့ ရလဒ်ကို သေသေသပ်သပ် ပုံဖော်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ ဖာနန်ဒက်စ်ခြေစွမ်းပြန်ပြနိုင်ခဲ့ပြီး၊ တောင်ပံက အီလန်ဂါ တင်ပေးလိုက်တဲ့ ဘောလုံးကို ညာခြေနဲ့ ခပ်မြန်မြန်လေး ပြေးပိတ်လိုက်တာက အလွန်ကောင်းမွန်ခဲ့ပါတယ်။

ဒီရာသီ ပထမဆုံးအကြိမ်ပွဲထွက်ကစားသမာအဖြစ် ပါဝင်လာခဲ့တဲ့ မာတာကလည်း အထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီး၊ ဘရန့်ဖို့ဒ်နောက်တန်းကို အာရုံနောက်စေခဲ့ပါတယ်။ ပွဲကစားချိန်(၄၄)မိနစ်မှာ မန်ယူနိုက်တက်တို့ နောက်တန်းဦးဆောင်ဂိုး ထပ်ရခဲ့ပေမဲ့ စီရော်နယ်ဒို မဆိုစလောက်လေး လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

မန်ယူနိုက်တက်တို့ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့ ဘရန့်ဖို့ဒ်အသင်းရဲ့ ကောင်တာတိုက်စစ်ကလည်း တချက်ချက်တော့ မန်ယူနိုက်တက် နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

ထူးထူးခြားခြား ဘရန့်ဖို့ဒ်တို့ဟာ ဘောလုံးပိုင်ဆိုင်မှု (၃၅)ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ ဂိုးကန်သွင်းမှုကတော့ မန်ယူနိုက်တက်တို့ထက် သာလွန်ခဲ့ပြီး၊ (၁၂)ကြိမ်အထိတောင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအနေအထားကိုကြည့်ရင်တော့ မန်ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းက သိပ်ပြီး အလုပ်မလုပ် နိုင်တာကို တွေ့ရမှာပါ။

ပွဲကစားချိန် (၆၁)မိနစ်မှာတော့ မန်ယူနိုက်တက်တို့ နောက်ထပ် ဦးဆောင်ဂိုးထပ်မံရရှိခဲ့တာဖြစ်ပြီး၊ အဆိုပါ ပင်နယ်တီကိုတော့ စီရော်နယ်ဒိုက ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် စီရော်နယ်ဒိုရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးက (၁၈)ဂိုး အထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

(၂)ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ချိန်မှာလည်း မန်ယူနိုက်တက်တို့ဟာ ကစားအားကို ချမပစ်ပဲ နောက်ထပ် သွင်းဂိုးတွေရရှိဖို့ ထပ်မံကြိုးစားခဲ့တာကြောင့် ပွဲကစားချိန် (၇၂)မိနစ်အရောက်မှာတော့ တဲလက်စ်ရဲ့ ထောင့်ကန်ဘောကနေတဆင့် ဗာရန်းက အနိုင်သေချာစေမယ့် တတိယဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

လက်ကျန် ပွဲကစားချိန်တွေမှာတော့ ဘယ်သူ့ ဘယ်သူမှ ဂိုးတွေထပ်မံ သွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲပြီးဆုံးချိန်မှာတော့ (၃-ဝ)ဆိုတဲ့ ရလဒ်နဲ့ မန်ယူနိုက်တက်တို့က အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မန်ယူနိုက်တက်တို့ ပြသခဲ့တဲ့ ခြေစွမ်းဟာ ရန်းနက်လက်ထက် အကောင်းဆုံးခြေစွမ်း တစ်ခုလို့တောင် ပြောရမလိုဖြစ်နေပါတယ်။

မန်ယူနိုက်တက် ပရိသတ်တွေကတော့ တရာသီလုံး ဒီလိုခြေစွမ်းမျိုးဆို ချန်ပီယံလိဂ် ဝင်ခွင့်ဟာ အသာလေးပဲဆိုပြီး မချိတင်ကဲနဲ့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ မန်ယူနိုက်တက်တို့ဟာ (၃၆)ပွဲကစားပြီးထားပြီး လက်ကျန်(၂)ပွဲသာကစားဖို့လိုအပ်တော့တာဖြစ်ပါတယ်။ လက်ကျန် (၂)ပွဲမှာတော့ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့တို့ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားသွားရမှာပဲဖြစ်ပါတယ်။