(၂၀၂၁-၂၂)ဘောလုံးရာသီအတွင်း ကစားသမား အများစုရဲ့ ထိပ်တန်း အဆင့်ကို တက်လှမ်းလာခဲ့တဲ့ ခြေစွမ်းတွေကို မြင်တွေ့ခဲ့ရသလို၊ ခြေစွမ်းပိုင်း ကျဆင်းလာပြီး ဝေဖန်မှုတွေကို ရင်ဆိုင်နေခဲ့ရတဲ့ ကစားသမားတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကစားသမား တစ်ယောက် အသင်း တစ်သင်းမှာ ခြေစွမ်းပြနိုင်ဖို့ဆိုတာဟာ နည်းပြ အပြောင်းအလဲ၊ နည်းစနစ်ပိုင်း အံ့ဝင်မှု၊ ပွဲထွက် ခွင့် စတဲ့ အချက်တွေ ပြည့်စုံဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် ကစားသမားတွေကတော့ လက်ရှိ အသင်းတွေမှာ ရုန်းကန် နေရပြီး၊ ခြေစွမ်းပိုင်း တဖြည်းဖြည်း ကျဆင်းလာမှုကြောင့် လက်ကျန်ကစားသမားဘဝကို ပြန်အဖက် ဆယ်နိုင်ဖို့ အသင်းပြောင်းသင့်နေတဲ့ ကစားသမား (၅)ဦးပဲ ဖြစ်ပါတယ်။ (၅)အဆန်စီရို။ ။ အဆန်စီရိုဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေ အားလုံး ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လို့ ဆိုရမှာပါ။ ဇီဒန်းလက်အောက်မှာ ရီးရဲလ်မှာ အထူးတောက်ပခဲ့တဲ့ သူလည်း ဖြစ်ခဲ့တာပါ။

စီရော်နယ်ဒို ထွက်ခွာသွားချိန်မှာ အဆန်စီရိုအနေနဲ့ ရီးရဲလ်မှာ ပိုပြီးတော့ တောက်ပလာခဲမယ်လို့ မျှော်လင်ခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ နောက်ဆုံးဘောလုံးရာသီ (၂)ခုအတွင်း အဆန်စီရိုဟာ ရီးရဲလ်အတွက် မိနစ်(၂၀၀၀)သာ ကစားခဲ့ရပြီး အဓိက ကစားသမား အဖြစ်ကနေ သွေဖယ်ခဲ့ရပါတယ်။ ဘန်ဇီမာ ပိုတောက်ပလာမှုနဲ့ အတူ ရီးရဲလ်မှာ ဗင်နီရှပ် ဂျူနီယာ၊ ရိုဒရီဂိုတို့နောက် ဦးစားပေး ကစားသမား အဖြစ်နဲ့ သာ ရပ်တည်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ (၂၀၂၁-၂၂)ဘောလုံးရာသီမှာ ရီးရဲလ်အတွက် သွင်းဂိုး (၁၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

အဆန်စီရိုအတွက် ရီးရဲလ်မှာ ပွဲထွက်ကစားခွင့် ပိုရခဲ့မယ်ဆိုရင် အခုထက်ပိုပြီးတော့ လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတာပါ။ ဒါ့ကြောင့် အဆန်စီရို အနေနဲ့ သင့်တော်တဲ့ ကလပ်အသင်း သစ်ကို ရှာဖွေဖို့ သင့်နေတာ ဖြစ်ပါတယ်။ (၄)လန်ဂလတ်။ ။ (၂၀၁၈)မှာ ဆီဗီလာကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ လန်ဂလတ်ဟာ ဘာစီလိုနာနဲ့ပထမဆုံး ရာသီမှာ အသင်းအတွက် ဂိုးဖန်တီးမှု (၈)ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပြီး၊ အရာရာ အကောင်းဘက်ကို ဦးတည်ခဲ့ပါတယ်။

ဘာစီလိုနာအတွက် ဘောလုံးရာသီ(၂)ခုမှာ ပွဲပေါင်း (၄၀)ပွဲထွက်ကစားခဲ့ရပါတယ်။ ဒါပေမဲ့ အသင်းကို ဇာဗီ ရောက်ရှိလာချိန်က စပြီးတော့ ပြီးခဲ့တဲ့ တစ်ရာသီလုံး ဘာစီလိုနာအတွက် မိနစ် ပေါင်း(၈၁၄)မိနစ်သာ ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာမှာ လန်ဂလတ်ရဲ့ ပါဝင်မှုက ရှိလာမယ့် အနေအထားမျိုး မဟုတ်ပဲ လန်ဂလတ်ရဲ့ ကစားဟန်က ဇာဗီရဲ့ နည်းစနစ်ပိုင်းနဲ့ လွဲချော်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဇာဗီရဲ့ မြန်နှုန်း မြင့် ဦးစားပေးတဲ့ ကစားဟန်က လန်ဂလတ်အတွက် ပြဿနာ တရပ် ဖြစ်နေခဲ့တာပါ။

တိကျတဲ့ ဘောလုံးပေးပို့မှုတွေ၊ ပင်နယ်တီ ဧရိယာ အတွင်း ရှင်းထုတ်ပုံ ကောင်းမွန်တဲ့ နောက်ခံလူ ဖြစ်ပေမဲ့ ဇာဗီရဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ကတော့ ဖြစ်နိုင်ခြေနည်းနေပြီး၊ လက်ရှိ နွေရာသီမှာ အသင်းကနေ ထွက်ခွာ သင့်နေတာ ဖြစ်ပါတယ်။ (၃)အန်ဒွန်ဘီလီ။ ။ စပါးကို ရောက်ရှိလာခဲ့ စဉ်က မျှော်လင့်ချက်တွေ အများကြီး အထားခံခဲ့ရတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့တာပါ။ ပိုချက်တီနိုလက်အောက်မှာ လျင်မြန်စွာ အသားကျပြီး တောက်ပခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။

မော်ရင်ဟိုရဲ့ စပါးနည်းပြဘ၀ ပထမဆုံး ရာသီမှာလည်း အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ ကစားသမားရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပျက်ယွင်းချက်တွေက ပြဿနာ တရပ် ဖြစ်လာခဲ့ပြီး ပွဲထွက်ခွင့်တွေလည်း နည်းပါးလာခဲ့ပါတယ်။ လက်ရှိ နွေမှာ စပါးကနေ ထွက်ခွာပြီး ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနိုင်ဖို့ လုပ်ရမှာက အန်ဒွန်ဘီလီရဲ့ ဦးစားပေး အလုပ်လို့ဆိုရမှာ ဖြစ်ပြီး၊ လက်ကျန်ကစားသမား ဘဝကို ပြန်အဖက်ဆယ်ဖို သင့်နေတာပါ။

(၂)လူကာဂျိုဗစ်။ ။ ရီးရဲလ်တို့ ဂျိုဗစ်ကိုခေါ်ယူခဲ့ စဉ်က ရီးရဲလ်မှာ အထူးတောက်ပလာမယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ မျှော်လင့်ချက်တွေသာ ဖြစ်ခဲ့ပြီး လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ ဇီဒန်းလက်အောက်မှာ ယုံကြည်မှု ပျောက်ဆုံးခဲ့တဲ့ အထိ ဖြစ်ခဲ့သလို အန်ဆယ်လော့တီ လက်ထက်မှာလည်း ဂျိုဗစ်ဟာ ယုံကြည်မှုတွေ မရခဲ့ပြန်ပါဘူး။ ဒါကလည်း ဂျိုဗစ်ရဲ့ ခြေစွမ်း မပြနိုင်မှုတွေကြောင့် ဖြစ်လာခဲ့ရတဲ့ အရာတွေ ပါပဲ။ လက်ရှိ ရီးရဲလ်မှာတော့ ဂျိုဗစ် အနေနဲ့ သူ့ရဲ့ အနာဂတ်ကို ပြန်ရှာဖို့ ခက်ခဲနေပြီး၊ အသင်းတစ်သင်းကို ပြောင်းရွှေ့လိုက်တာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်လာစေမှာပါ။

(၁)ဘစ်ဆာခါ။ ။ မန်ယူနိုက်တက် ပရိသတ်တွေ အရမ်းကို ရေပန်းစားခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့ကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး၊ အသင်းရဲ့ ညာနောက်ခံနေရာမှာ အချိန်ကြာကြီး စိုးမိုးထားနိုင်ဖို့ မျှော်လင့်ခံခဲ့ရတာပါ။ ဒါပေမဲ့ မော်ဒန်ဘောလုံးလောကမှာ အစွန်နောက်ခံလူတွေရဲ့ တိုက်စစ် လိုက်ပါ ကစားနိုင်တဲ့ အရည်အချင်းတွေက အရမ်းကို အရေးပါနေတာ ဖြစ်ပါတယ်။ ဘစ်ဆာခါဟာ ခံစစ်စွမ်းဆောင်ရည် ကောင်းပေမဲ့ တိုက်စစ်လိုက်ပါမှုမှာတော့ တော်တော်လေး ညံ့ပါတယ်။

ဒါ့ကြောင့်ပဲ မန်ယူနိုက်တက်နဲ့ ပထမရာသီမှာ တောက်ပခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ ဒါလော့က ဦးစားပေး ကစားသမား ဖြစ်လာခဲ့ပြီး ဘစ်ဆာခါဟာ မန်ယူနိုက်တက်မှာ ပျောက်ကွယ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက မန်ယူနိုက်တက် အတွက် ပွဲ (၂၀)သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ နည်းပြ တန်ဟတ်လက်ထက်မှာလည်း ဒါလော့က ဦးစားပေး ကစားသမား အဖြစ် ရှိနေတာကြောင့် ဘစ်ဆာခါ အနေနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာပြီး ကစားသမား ဘ၀ ပြန်စဖို့ ကြံစည်သင့်နေတာ ဖြစ်ပါတယ်။