(၂၀၂၁-၂၂)ပရီးမီးယားလိဂ် ဘောလုံးရာသီကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ချန်ပီယံ၊ ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်နဲ့ တန်းဆင်ဇုန်တိုက်ပွဲတွေ အားလုံးဟာ နောက်ဆုံးနေ့ နောက်ဆုံးပွဲမှပဲ အဖြေပေးသွားခဲ့တာ ဖြစ်ပြီး၊ ဘောလုံးချစ်ပရိသတ်တွေကို ဖျော်ဖြေမှုရသအပြည့်အ၀ ပေးစွမ်းသွားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ မန်စီးတီးက ပွဲကစားချိန်နောက်ပိုင်း မိနစ်အရောက်မှ အနိုင်ဂိုးတွေ သွင်းပြီး လီဗာပူးလ်ရဲ့ အသည်းကို ခွဲခဲ့သလို၊ စပါးတို့ကလည်း နောက်ဆုံးပွဲစဉ်ကို အမှားအယွင်းမရှိ ကစားပြီး အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့ပြန်ပါတယ်။

ဝက်စ်ဟမ်းတို့ကလည်း မန်ယူနိုက်တက်ရဲ့ ခြေချော်မှုကို အခွင့်အရေး မယူနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို ဘန်လေကတော့ နယူးကာဆယ်ကို ရှုံးပြီး တန်းဆင်းသွားခဲ့ ရပြီ ဖြစ်ပါတယ်။ ဆိုတော့ (၂၀၂၁-၂၂)ဘောလုံးရာသီ တလျှောက်လုံး ခြေစွမ်းကောင်းတွေ ပြသခဲ့ကြတဲ့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရပ်တည်မှု အကောင်းဆုံး ထိပ်ဆုံး ကစားသမား (၇)ဦးကို ဖော်ပြပေးသွားပါမှာပဲ ဖြစ်ပါတယ်။

(၇)မေဆွန်မောင့်(ချဲလ်ဆီး)။ ။ မောင့်ဟာ ဘောလုံးရာသီ တစ်ခုပြီးတိုင်းနောက်ရာသီမှာ ပိုပြီးတော့ တိုးတက်လာတဲ့ ကစားသမားတစ်ယောက် ဖြစ်လာတယ်လို့ ဆိုရမှာပါ။ အလုပ်ကြိုးစားမှုနဲ့ အတူ ကွက်းလယ်တိုက်စစ် ကစားသမားလေးဟာ ချဲလ်ဆီးနဲ့ အတူ (၂၀၂၁-၂၂)ဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှု ရရှိနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အသက်(၂၃)နှစ်သာရှိသေးတဲ့ မောင့်ဟာ ဒီရာသီ ချဲလ်ဆီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ ရရှိခဲ့ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီးအတွက်ပရီးမီးယားလိဂ် (၃၂) ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး(၁၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၀)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

(၆)စီရော်နယ်ဒို (မန်ယူနိုက်တက်)။ ။ စီရော်နယ်ဒိုရဲ့ မန်ယူနိုက်တက်ဆီ အပြန်ခရီးဟာ လှပခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ မန်ယူနိုက်တက်အတွက် အလွန်ကို ဆိုးရွားလှတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ရပေမဲ့ စီရော်နယ်ဒိုကတော့ သူ့ရဲ့ ပုံစံကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။ အသက်(၃၇)နှစ် အရွယ်ရှိနေပြီ ဖြစ်ပေမဲ့ မန်ယူနိုက်တက်အတွက် ထိပ်တန်း ဂိုးသွင်းရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း (၂)ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) ကစားခဲ့ပြီး သွင်းဂိုး (၁၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ပေးနိုင်တဲ့ မှတ်တမ်းဟာ (၃၇)နှစ် အရွယ် ကစားသမားတစ်ယောက်အတွက်တော့ ပရီးမီးယားလိဂ်လို နေရာမျိုးမှာ အဆင့်အတန်း မြင့်မားလွန်းတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ (၅)ကန်ဆယ်လို(မန်စီးတီး)။ ။ မန်စီးတီးအသင်းရဲ့ ဘယ်ခံစစ်ခြမ်းမှာ ကန်ဆယ်လိုက မပါမဖြစ်တဲ့ သူ ဖြစ်ခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ယောက်အဖြစ် ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးပို့မှုအအောင်မြင်ဆုံး ကစားသမားတစ်ယောက်အဖြစ် မှတျတမျးဝငျထားခဲ့ဲပွီး၊ (၂၉၅၁)ကြိမ်အထိ အောင်မြင်တဲ့ ပေးပို့မှုတွေ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက် ခံစစ်စည်းအတွင်းမှာလည်း ကန်ဆယ်လိုဟာ အန ္တရာယ်ရှိတဲ့ ကစားသမားတစ်ယောက်အဖြစ် ပုံဖော်နိုင်ခဲ့ပါတယ်။ ဒီရာသီ ခံစစ်ကစားသမားတွေထဲမှာ ပြိုင်ဘက် ခံစစ်ဧရိယာအတွင်း ဘောလုံးထိချက် (၁၀၄)ကြိမ်နဲ့ ဘောလုံးထိချက် အများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်(၃၆)ပွဲမှာ မန်စီးတီးအတွက်သွင်းဂိုး တစ်ဂိုးနဲ့ ဂိုးဖန်တီးမှု (၇)ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့တာပါ။

(၄)အာနိုး(လီဗာပူးလ်)။ ။ အာနိုးကလည်း လီဗာပူးလ်အတွက်တော့ မရှိမဖြစ်တဲ့ ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါပဲ။ တိကျသေချာတဲ့ အဝေးဘောပေးပို့မှုတွေ ဖြတ်တင်ဘောတွေက အာနိုးရဲ့ အမှတ်အသားတစ်ခုလို ဖြစ်နေတာပါ။ ခံစစ်ကစားသမားတစ်ယောက် ဖြစ်ပေမဲ့လည်း တိုက်စစ်လိုက်ပါ ကစားရာမှာ ထူးချွန်လွန်းတာကြောင့် လီဗာပူးလ်တိုက်စစ်အတွက် မရှိ မဖြစ် ကစားသမားတစ်ယောက် အဖြစ် ရပ်တည်နေတဲ့သူပါ။ ဒီရာသီ ပရီးမီးယားလိဂ်(၃၂)ပွဲမှာ ဂိုးဖန်တီးမှု (၁၂)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ဒုတိယမြောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ်ရပ်တည်နိုင်ခဲ့သလို သွင်းဂိုး(၂)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

(၃)ဒီဘရိုင်း(မန်စီးတီး)။ ။ ရာသီအစပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ မန်စီးတီးအတွက် အကောင်းဆုံး ပြန်လည် ကစားပေးနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်ပေမဲ့ ကိုယ်တိုင် ဂိုးသွင်းစွမ်းရည်ကလည်း မြင့်မားလှတဲ့ သူပါ။ မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာပွဲ (၃၀) ကစားခဲ့ပြီး သွင်းဂိုး (၁၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၈)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ ပြီး၊ ဒီရာသီ ဂိုးရဖို့ အခွင့်အရေးဖန်တီးပေးမှုက (၈၇)ကြိမ် အထိရှိခဲ့ကာ တကယ့်အပိုင်အခွင့်အရေး ဖန်တီးပေးမှုကတော့ (၁၆) ကြိမ်အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။

(၂)ဆွန်ဟောင်မင်(စပါး)။ ။ ဒီရာသီမှာ တော်တော်လေးကို ခြေစွမ်းပိုင်းတိုးတက်မှုတွေ ရှိလာခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပြီး ရာသီကုန်ချိန်မှာလည်း သွင်းဂိုး (၂၃)ဂိုးနဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့သွားခဲ့ပါတယ်။ အာရှသားတစ်ယောက် အနေနဲ့ ဥရောပမှာ ပထမဆုံးရွှေဖိနပ်ဆု ရတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီး၊ ပင်နယ်တီ သွင်းဂိုးတစ်ဂိုးမှ မပါပဲ ရွှေဖိနပ်ဆုရတဲ့ ကစားသမားတစ်ယောက်အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။ စပါးအတွက် (၃၅)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၂၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၇)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ စပါးအတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြီးမားတဲ့ အထောက်အကူ တစ်ခု ဖြစ်ခဲ့ပါတယ်။

(၁)ဆာလာ(လီဗာပူးလ်)။ ။ ဆွန်ဟောင်မင်နဲ့ အတူ ပူးတွဲ ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ တကိုယ်ကောင်းဆန်လာတယ်လို့ ဝေဖန်မှုတွေရှိနေပေမဲ့ ဂိုးဖန်တီးမှု (၁၄)ကြိမ်ကတော့ ပရီးမီးယားလိဂ်မှာ အများဆုံး ဖြစ်ခဲ့တာပါ။ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ဖလားယူဖို့ ကပ်ပြီးလွဲချော်ခဲ့ရပေမဲ့ ဒီရာသီ ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့တယ်လို့တော့ ပြောလို့ရနိုင်ပါတယ်။