အပြောင်းအရွှေ့ ကာလမှာ ထူးခြားတာ တစ်ခုကတော့ ပီအက်စ်ဂျီ အသင်းဟာ ယခုနွေရာသီမှာ နေမာကို ရောင်းချသွားဖို့ တံခါးဖွင့်လိုက်တာပါပဲ။ ဒီအဆိုဟာ လည်ပတ်နေဆဲဖြစ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်မျိုးတော့ ယခုချိန်အထိ မပြုလုပ်ရသေးပါဘူး။ နေမာဟာ ၂၀၁၇ နွေရာသီမှာ ဘာစီလိုနာကနေ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ လာခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ ဘရာဇီးသားအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့်ဖြစ်နေပေမဲ့ သူတို့ဟာ သူ့အတွက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးကိုတော့ လိုချင်ပုံ မပေါ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ မေလကမှ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့ပြီး ၂၀၂၅ မတိုင်ခင်အထိ ကျန်ရှိနေပါသေးတယ်။ ဒါဟာ ပီအက်စ်ဂျီက သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှု လိုချင်နေတာပါ။ သူတို့သာ ယခုနွေရာသီမှာ နေမာကို ရောင်းချနိုင်ခဲ့ရင် သူ့နေရာမှာ ဝင်ရောက်လာပြီး သူ့ရဲ့ ပုံစံအတိုင်း ပြုလုပ်နိုင်မဲ့ ကစားသမား လိုအပ်ပါတယ်။ ကဲ ပီအက်စ်ဂျီမှာ နေမာရဲ့ နေရာကို အစားထိုးနိုင်မဲ့ ကစားသမားတွေကို ကြည့်လိုက်ရအောင်ဗျာ။

(၅) မူဆာဒီယာဘီ လေဗာကူဆင်။ ။ နေမာသာ ယခုနွေရာသီမှာ အသင်းက ထွက်ခွာမယ်ဆိုရင် ပီအက်စ်ဂျီဟာ သူတို့ရဲ့ ကစားသမားဟောင်း ဒီယာဘီကို ခေါ်ယူချင်နေတာပါ။ ပြင်သစ် ဂျာနယ်လစ် ဒီရေဂိုမာတယ်ရဲ့ အဆိုအရ ပီအက်စ်ဂျီဟာ ဘရာဇီးသားရဲ့ နေရာကို အဟားထိုးအဖြစ် ဒီယာဘီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒီယာဘီဟာ လေဗာကူဆင်နဲ့ အရမ်းကောင်းတဲ့ ရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

သူဟာ ၂၀၂၁-၂၂ ခုနှစ်ရာသီ လေဗာကူဆင် အသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၁၇ ဂိုး သွငိးယူပြီး ဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ သွင်းဂိုးတွေကို ရှာဖွေနိုင်ပြီး အထိန်းအသိမ်းကောင်းတဲ့ လျင်မြန်တဲ့ တောင်ပံကစားသမား တစ်ယောက်ပါ။ ဒီယာဘီဟာ တန်ကြေး ယူရို သန်း ၅၀ရှိပြီး ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ အာဆင်နယ် ၊ နယူးကာဆယ်တို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

(၄) အာနော့ဒန်ဂျူးမား ဗီလာရီးရဲလ်။ ။ ဒန်ဂျူးမားကို ပီအက်စ်ဂျီမှာ နေမာရဲ့ အစားထိုးအဖြစ် ပြုလုပ်ရင် အတော်လေး အဓိပ်ပါယျရှိသှားမှာပါ။ ပီအက်စ်ဂျီကတော့ သူတို့ရဲ့ အစီအစဥ်တွေကို ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ စူပါစတား ကစားသမားအပေါ် စာချုပ်အသစ် ချုပ်ဆိုမှုတွေလည်း ရှိနေပါတယ်။ ၂၅ နှစ်အရွယ် နယ်သာလန်သားဟာ ၂၀၂၁-၂၂ ရာသီမှာ ဗီလာရီးရဲအတွက် ခြေစွမ်း ပြသနိုင်ခဲ့ပါတယ်။

သူဟာ ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၆ ဂိုး သွင်းယူပြီး ဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို ၅၂ သန်း ဝန်းကျင်မှာ ရှိပြီး ဒါဟာ ပီအက်စ်ဂျီလို အသင်းကြီးအတွက် များပြားတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ မာကာ သတင်းစာက ဇွန်လ အစောပိုင်းမှာ ဒန်ဂျူးမားဟာ ပီအက်စ်ဂျီအတွက် ပစ်မှစ်တစ်ပါလို့ ဖော်ပြခဲ့ပေမဲ့ နေမာထွက်ခွာမှသာ သူ့ကိုဝယ်ယူနိုင်မှာပါ။

(၃) ခရစ်စတီယန်ပူလီဆစ် ချဲလ်ဆီး။ ။ ပူလီဆစ်ဟာ စတန်းဖို့ဘရစ်ကနေ ထွက်ခွာဖို့ ဦးတည်နေပါပြီ။ တတ်တိုစပေါ့ရဲ့ အဆိုအရ ပူလီဆစ်ဟာ ဂျူဗင်တပ်မဲ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ နယ်သာလန် နောက်ခံလူ ဒီလိုက်ကို သဘောတူညီမှု ပြုလုပ်ရာမှာ သူ့ကို အသုံးချ ချင်နေတာပါ။ ပူလီဆစ်ရဲ့ ၂၀၂၁-၂၂ ရာသီကတော့ အတော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၈ ဂိုးသွင်းယူပြီး ဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၁၃ ပွဲသာ စတင်ပါဝင်ခဲ့ရပြီး ဒါဟာ အရည်အသွေး ကောင်းမွန်တဲ့ ပူလီဆစ်လို ကစားသမား အတွက်တော့ စိတ်ပျက်စရာပါ။ ၂၃ နှစ်သားဟာ လီဂူးဝမ်းကို ပြောင်းရွှေ့ပြီး နေမာရဲ့ ဘယ်တောင်ပံကို ဝင်ရောက်နိုင်ချေ ရှိပါတယ်။

(၂) ရာဟီးမ်းစတာလင် မန်ချက်စတာစီးတီး။ ။ စတာလင်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးအသင်းရဲ့ ချိတ်ဆက်မှုကို ခံနေရသူပါ။ ဂိုးလ်းသတင်းဌာနက ချဲလ်ဆီးဟာ အလားအလာရှိတဲ့ သဘောတူညီမှုအတွက် စီးတီးနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီးပြီလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တရားဝင် ကမ်းလှမ်းမှုတော့ ခုအချိန်ထိ မပြုလုပ်ရသေးပါဘူး။ စတာလင်ဟာ နေမာရဲ့ ကောင်းမွန်တဲ့ အစားထိုးမှု ဖြစ်နိုင်ပါတယ်။

အင်္ဂလန်သားဟာ ၂၇ နှစ်သာ ရှိနေသေးပြီး သူ့ရဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေဆဲပါ။ သူဟာ ပြီးခဲ့တဲ့ရာသီ စီးတီးအသင်းအတွက် ပုံမှန် ပွဲထွက်ခွင့် မရခဲ့ပေမဲ့ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၁၇ ဂိုး သွင်းယူပြီး ဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ စတာလင်ဟာ အကောင်းဆုံး အလိမ်အခေါက် ကျွမ်းကျင်သူတွေထဲက တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတွေက သူ့ရဲ့ ဂိုးသွင်း စွမ်းရည်တွေနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

(၁) အိုစမန်ဒမ်ဘီလီ ဘာစီလိုနာ။ ။ ယခုလ အကုန်မှာ ဒမ်ဘီလီဟာ အလွတ်အေးဂျင့် ဖြစ်လာတော့မှာပါ။ သူဟာ ယခုအချိန်ထိ ဘာစီလိုနာနဲ့ စာချုပ်သစ် သဘောတူညီမှုလည်း မရရှိသေးပါဘူး။ နေမာရဲ့ နေရာအတွက် သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတာ ပီအက်စ်ဂျီအတွက် စိတ်လှုပ်ရှားစရာ အခွင့်အရေး တစ်ခုပါ။ စပိန်ဂျာနယ်လစ် တိုနီဟွမ်မာတီရဲ့ အဆိုအရ လီဂူးဝမ်း ချန်ပီယံဟာ ပြင်သစ်သားအတွက် တစ်နှစ် လုပ်ခ ယူရို ၁၇ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒမ်ဘီလီဟာ ၂၀၂၁-၂၂ ခုနှစ် ဒုတိယ ရာသီဝက်မှာ ဘာစီလိုနာအတွက် ခြေစွမ်းပြသခဲ့သူပါ။ သူဟာ ဒဏ်ရာပြသနာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လာလီဂါ ဖန်တီးမှုဇယားမှာ ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီ လိဂ် ၂၁ ပွဲမှာ ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ တောင်ပံမှာ ကစားနိုင်သလို အခွင့်အရေး ဖန်တီးနိုင်စွမ်းလည်း ရှိသူပါ။