ပြည်တွင်း လိဂ် ပွဲစဥ်တွေကတော့ ပြီးဆုံးတာ ၂ပတ်လောက် ရှိပြီဖြစ်ပြီး နိုင်ငံတကာ ပွဲစဥ်တွေ စတင်နေပြီဖြစ်ပါတယ်။ နေးရှင်းလိဂ် ပွဲစဥ်တွေ စတင်နေပြီ ဖြစ်သလို AFCON ခြေစစ်ပွဲကလည်း စတင်နေပြီ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းကလည်း တောင်အမေရိကနဲ့ ယူအီးအက်ဖ်အေ ချန်ပီယံဖလားကို အီတလီနဲ့ ရင်ဆိုင်ခဲ့ရပြီး ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလမှာ တောင်အမေရိက အသင်းကသာ အောင်မြင်မှု ရရှိခဲ့တာ မဟုတ်ပဲ အင်္ဂလန်ရဲ့ ဟယ်ရီကိန်းကလည်း သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုး ၅၀ မြောက်ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားက သူ့ရဲ့အောင်မြင်မှုနဲ့ ပတ်သတ်ပြီး ဂုဏ်ယူနေမှာပါ။ အထူးသဖြင့် သူတို့ရဲ့ နိုင်ငံနဲ့အတူ နိုင်ငံတကာ သွင်းဂိုး ၅၀ ပြည့်မြောက်အောင် စွမ်းဆောင်နိုင်တဲ့ ကစားသမား အနည်းငယ်သာ ရှိပါတယ်။ ကဲ နိုင်ငံတကာ ပွဲစဥ် အနည်းဆုံးနဲ့ သွင်းဂိုး ၅၀ အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ ကစားသမား ၅ယောက်ကို ကြည့်လိုက်ရအောင်ဗျာ။

(၅) လီယွန်နယ်မက်ဆီ – ၁၂၁ ပွဲ။ ။ မက်ဆီဟာ မကြာသေးခင်ကမှ သူ့ရဲ့ နိုင်ငံအတွက် ဖိုင်နယ်လစ်ဆီမာ ပွဲစဥ်ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အီတလီကို ၃ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ၂၀၀၅ ခုနှစ် အာဂျင်တီးနား အတွက် စတင်ပွဲထွက်လာ ကတည်းက နိုင်ငံအသင်းအတွက် ပုံစံကောင်း ပြသထားနိုင်သူပါ။ တစ်နှစ်ကြာပြီးတဲ့နောက် သူဟာ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာပြီး ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် သူဟာ အမြဲတမ်း ပုံစံကောင်း ပြသထားနိုင်ခဲ့ပြီး ယခုအချိန်ထိ ၈၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တောင်ပံတိုက်စစ်မှူးဟာ အသက်အရွယ်အလိုက် ပိုမိုကောင်းမွန်လာခဲ့ပြီး အာဂျင်တီးနားအတွက် သူ့ရဲ့ ၅၀ မြောက်သွင်းဂိုးကို ၁၂၁ ပွဲမြောက်မှာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျန်ရှိနေသေးတဲ့ ၃၆ ဂိုးကတော့ ၄၁ ပွဲကနေ ရရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကမ္ဘာ့ဖလား ယူဆောင်နိုင်ဖို့ ကောင်းမွန်တဲ့ လက္ခဏာတွေ ရှိနေပါတယ်။

(၄) ခရစ်စတီယာနိုရော်နယ်ဒို – ၁၁၄ ပွဲ။ ။ ရော်နယ်ဒိုဟာ ဂိုးသွင်းစက်လို့ တင်စားခံထားရပြီး သူ့ရဲ့ ကိန်းဂဏန်းတွေက သက်သေပြနေပါတယ်။ သူဟာ ပြည်တွင်းပြိုင်ပွဲမှာ ဂန္ဓဝင်တစ်ယောက် ဖြစ်နေပေမဲ့ နိုင်ငံတကာ အဆင့်မှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သိပ်ပြီး မကွာခြားပါဘူး။ ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့နှစ်က အလီဒေးရီရဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပြီး နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မကြာသေးမီကမှ နိုင်ငံတကာ သွင်းဂိုး ၁၁၇ ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။ ဗဟိုတိုက်စစ်မှူးဟာ သူ့ကို အမှန်တကယ် လိုအပ်နေချိန် သူ့အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ မက်ဆီလိုပဲ ရော်နယ်ဒိုဟာ နှစ်ချို့ဝိုင်လိုပါပဲ။ သူဟာ သူ့ရဲ့ နောက်ဆုံး ၇၄ ပွဲမှာ ၆၇ ဂိုး သွင်းယူပြီး သက်သေပြထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပထမဆုံး သွင်းဂိုး ၅၀ မြောက်ကို ၁၁၄ ပွဲမြောက်မှာ ရရှိခဲ့ပါတယ်။

(၃) ရော့ဘတ်လီဝန်ဒေါ့စကီး – ၈၁ ပွဲ။ ။ လီဝန်ဒေါ့စကီးဟာ ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပေမဲ့ ဒီလို မထွက်ခွာခင် သူတို့ရဲ့ နေးရှင်းလိဂ် အုပ်စုအဆင့်မှာ ပိုလန်ကို စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ဖို့ ကူညီရမှာပါ။ ဗဟိုတိုက်စစ်မှူးဟာ သူ့နိုင်ငံရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ခြေစွမ်းပြသခဲ့ပါတယ်။

၂၀၀၈ ခုနှစ် နိုင်ငံအသင်းမှာ စတင်ပွဲထွက်လာကတည်းက လီဝန်ဒေါ့စကီးဟာ ပိုလန်အတွက် ၁၃၁ ပွဲမှာ ၇၆ ဂိုး သွင်းယူခဲ့ပါတယ်။ တိုက်စစ်မှူးဟာ ဂိုးဘယ်လိုသွင်းရမယ်ဆိုတာ သိထားပြီး နိုင်ငံအသင်းအတွက် ကစားချိန် အကောင်းဆုံး ပုံစံ ပြသနိုင်ခဲ့ပါတယ်။ လီဝန်ဒေါ့စကီးဟာ နိုင်ငံပွဲစဥ် ၈၁ ပွဲတည်းနဲ့ နိုင်ငံတကာ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပါတယ်။ သူဟာ သွင်းဂိုး ၅၀ ပြည့်မြောက်ပြီးကတည်းက သူဟာ နောက်ထပ် ပွဲ ၅၀ မှာ ၂၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

(၂) နေမာ – ၇၄ ပွဲ။ ။ သူ့ရဲ့ လမ်း​ကြောင်းတစ်လျောက် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ နေမာဟာ သူ့ခေတ်မှာတော့ ပါရမီအရှိဆုံး ကစားသမား တစ်ဦးအဖြစ် ငတ်မှတ်ခံခဲ့ရပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ တောင်ပံ ကစားသမားဟာ အသက် ၁၈ နှစ်မှာ နိုင်ငံအသင်းကို ဝင်ရောက်လာခဲ့ပြီး ၇၄ ပွဲတည်းနဲ့ သူ့ရဲ့ သွင်းဂိုး ၅၀ မြောက်ကို သွင်းယူခဲ့ပါတယ်။ အဆိုပါ အချိန်အတွင်း သူဟာ ကွန်ဖယ်ဒရေးရှင်း ဖလားကို နိုင်ငံအတွက် ရယူပေးနိုင်ခဲ့ပါတယ်။

သူဟာ အဆိုပါ ပွဲစဥ်မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ ၄၅ ပွဲမှာ ၂၄ ဂိုး သွင်းယူထားပါတယ်။ နေမာဟာ လက်ရှိ အသက် ၃၀ အရွယ်သာရှိနေသေးပြီး သူအနားမယူခင် သွင်းဂိုး ၁၀၀ ပြည့်မြောက်ဖို့ မျှော်မှန်းထားမှာပါ။ ဒါပေမဲ့ အခုတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို ရယူပေးနိုင်ဖို့ အာရုံစိုက်ထားပါတယ်။

(၁) ဟယ်ရီကိန်း – ၇၁ ပွဲ။ ။ ဟယ်ရီကိန်းဟာ ဒီစာရင်းကို မကြာသေးမီကမှ ဝင်ရောက်ခဲ့တာဖြစ်ပြီး အင်္ဂလန်သားဟာ ဂျာမနီနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဥ်မှာ သူ့ရဲ့ ၅၀ မြောက် သွင်းဂိုးကို သွင်းယူခဲ့တာပါ။ ဒီလို သွင်းယူလိုက်တာကြောင့် စပါးတိုက်စစ်မှူးဟာ နိုင်ငံတကာ ပွဲစဥ် ၇၁ ပွဲတည်းနဲ့ သွင်းဂိုး ၅၀ အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီသွင်းဂိုးတွေထဲက ၆ ဂိုးဟာ နိုင်ငံတကာ ခြေစမ်းပွဲကနေ ရရှိခဲ့တာပါ။

ကျန်အများစုကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေနဲ့ ဥရောပ ချန်ပီယံရှစ် ပွဲစဥ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ကိန်းဟာ အရေးပါတဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းမပြနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆု ရရှိထားခဲ့တာပါ။ ၂၈ နှစ်သားဟာ ဒီနှစ်မှာလည်း ဒီဆုကို ရရှိဖို့ မျှော်လင့်ထားမှာပါ။ ပြီးတော့ သူ့ရဲ့ အသင်းကိုလည်း ရွှေတံဆိပ်ဆု ရရှိစေဖို့ ရည်ရွယ်ထားမှာပါ။