ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဖွင့်ကမ်းလှမ်းချက်ကို ငြင်းပါယ်သွားခဲ့ပြီး ဒီယွန်းအတွက် တန်ကြေးသတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ အိုင်းယက်စ်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ဒီယွန်းနဲ့ အလုပ်အတူတွဲလုပ်ခဲ့ဖူးတာဖြစ်ပြီး ဒတ်ချ်ကွင်းလယ်လူကို သူ့ရဲ့ ယူနိုက်တက်မန်နေဂျာဘဝ ပထမဆုံးခေါ်ယူမှုအဖြစ် ပြုလုပ်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ဒတ်ချ်မန်နေဂျာ တန်ဟာ့ဂ်အနေနဲ့ ယူနိုက်တက်နဲ့ ၃ နှစ်စာချုပ်,ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းကို အခြေအနေတွေ ပြန်လည်တည့်မတ်နိုင်ဖို့အတွက်ဆိုရင် ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်မယ်ဆိုတာကို သိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီယွန်းကို ခေါ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းနဲ့ ရက်သတ္တပေါင်းအနည်းငယ်ကြာမြင့်လာတဲ့အထိ ဆွေးနွေးမှုတွေ ရှိနေခဲ့သလို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀(ပေါင် ၅၁ သန်း)အပြင် အပိုဆုကြေး ယူရို ၁၀ သန်း(ပေါင် ၈.၅ သန်း)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့သတင်းကိစ္စတွေမှာ စိတ်ချယုံကြည်ရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ ယူနိုက်တက်ရဲ့ အဆိုပါကမ်းလှမ်းချက်ကို ပါယ်ချခဲ့ပြီး ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေနဲ့ ဒီယွန်းအတွက် စုစုပေါင်းယူရိုသန်း ၁၀၀ အထိ အလိုရှိနေကြောင်း သိရပါတယ်။

စပိန်အင်အားကြီးကလပ်အနေနဲ့ နူးကမ့်မှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကစားသမားတွေ ရောင်းချဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး အဆိုပါကစားသမားတွေထဲမှာ ဒီယွန်းလည်း ပါဝင်နေတယ်ဆိုပေမယ့် ခပ်ပေါပေါပဲပဲဈေးနဲ့ ရောင်းချသွားဖို့ မရှိတာဖြစ်ပါတယ်။

ဒီယွန်းအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့အတွက် ထပ်လောင်းပြောကြားခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ အဆိုပါကွင်းလယ်ကစားသမားကို သူ့ရဲ့ဆရာဟောင်း တန်ဟာ့ဂ်နဲ့ ပြန်လည်ပေါင်းစည်းပေးဖို့အတွက် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒီယွန်းအနေနဲ့ ဒီလအစောပိုင်းတုန်းက “ဒီအကြောင်းကို ကျွန်တော့်အနေနဲ့ ဘာမှမပြောနိုင်ပေမယ့် ဘာစီလိုနာမှာ ဆက်နေဖို့ကိုသာ ကျွန်တော့်အနေနဲ့ ဦးစားပေးထားပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော့်အနေနဲ့ ဒါကို အရင်ကလည်း ပြောဖူးပါတယ်။ ဘာစီလိုနာအသင်းက ကျွန်တော့်အသက် ငယ်ငယ်လေးကတည်းက ကျွန်တော့်အိပ်မက်အသင်းပါပဲ။ တကယ်လို့များ အခြားကလပ်အသင်းအနေနဲ့ ဆက်သွယ်မှုလုပ်မယ်ဆိုလည်း ကျွန်တော်လက်ခံပါမယ်”လို့ ပြောခဲ့ဖူးတာဖြစ်ပါတယ်။