မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ်ဖြစ်လာမယ့် အဲရစ် တန်ဟာ့ဂ်အနေနဲ့ ခံစစ်မှူး ဟာရီ မက်ဂွိုင်းယားရဲ့ ကစားနေကြနေရာကို အပြောင်းအလဲလုပ်ကာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝကို ပြန်လည်ကယ်တင်နိုင်ဖို့အတွက် စိတ်အားထက်သန်စွာနဲ့ ကူညီဖို့အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။

မက်ဂွိုင်းယားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ယူနိုက်တက်ကစားသမားအဖြစ် သူ့ရဲ့အသင်းခေါင်းဆောင်ရာထူးနဲ့အတူ တကယ့်ကို ပြင်းထန်တဲ့ စောင့်ကြည့်မှုတွေအောက်မှာ ရှိနေတာပါ။

မက်ဂွိုင်းယားအနေနဲ့ အသင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ အနာဂတ်ကိုသာ ပိုင်ဆိုင်ထားပြီး အသင်းရဲ့ မန်နေဂျာသစ်ဖြစ်လာမယ့် တန်ဟာ့ဂ်ကလည်း လာမယ့်နွေမှာ အသင်းကို ခေါ်ယူဖို့အတွက် ခံစစ်မှူးသစ်တစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။

ဒါပေမယ့် Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ တန်ဟာ့ဂ်အနေနဲ့ မက်ဂွိုင်းယားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်ရသေးဘဲ အင်္ဂလန်လက်ရွေးစင်ခံစစ်မှူးကို လက်ရှိအခြေအနေတွေအပေါ် ပြောင်းပြန်လှန်နိုင်ဖို့အတွက် အခွင့်အရေးပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဖော်ပြချက်အရ တန်ဟာ့ဂ်အနေနဲ့ မက်ဂွိုင်းယားကို ခံစစ်မှာ ရှေ့နည်းနည်းတင်ကစားဖို့ရှိနေပြီး ခံစစ်မှူး ၂ ယောက်နေရာမှာ ညာခြမ်းမှာ အသုံးပြုကစားမယ်ဆိုရင် မက်ဂွိုင်းယားအနေနဲ့ အကျိုးအမြတ်ရှိလာမယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

မက်ဂွိုင်းယားအနေနဲ့ မူလက ခံစစ်မှူး ၂ ယောက်နေရာမှာ ဘယ်ခြမ်းမှာ သူ့ရဲ့ဘောလုံးပေးပို့မှုအရည်အသွေးတွေကို ပြသဖို့အတွက် ကစားနေခဲ့ရတာဖြစ်ပြီး အဆိုပါနေရာမှာဆိုရင် သူ့ခံစစ်တွဲဖက်ရဲ့ အနောက်ကနေ ကူညီရှင်းထုတ်ပေးဖို့အတွက် လိုအပ်တဲ့နေရာဖြစ်ပါတယ်။

ဒါပေမယ့် တန်ဟာ့ဂ်ကတော့ မက်ဂွိုင်းယားအနေနဲ့ ညာခြမ်းမှာကစားရင် ပိုပြီးအကျိုးဖြစ်စေမယ်လို့ ခံစားနေရတာဖြစ်ပြီး ခံစစ်မှာ ပိုပြီးဝန်ပေါ့စေမှာဖြစ်သလို ညာသန်ဖြစ်ရက်နဲ့ ဘယ်ခြေနဲ့ စွန့်စားကစားဖို့အတွက် တွန်းအားမပေးခံရတော့ဘူးလို့ ယုံကြည်နေတာပါ။

မက်ဂွိုင်းယားအနေနဲ့ ခံစစ်ကနေ ခြေလှမ်းထွက်လာဖို့အတွက် လိုအပ်တယ်လို့ မကြာခဏ ခံစားခဲ့ရပေမယ့် သူ့အနေနဲ့ ဘောလုံးတက်ပြီး ယှဉ်လုတဲ့အချိန်မှာ အရေးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ တန်ပြန်တိုက်စစ် မကြာခဏ အဆင်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါက ဘာကိုဆိုလိုလဲဆိုတော့ ယူနိုက်တက်အနေနဲ့ တစ်ဖက်အသင်းရဲ့ဂိုးဖက်ခြမ်းမှာ ပြိုင်ဘက်အသင်းကို ဖိအားကောင်းကောင်းမပေးနိုင်ဘူးဆိုတာ အတိုင်းသား ပေါ်လွင်စေတဲ့အချက်ပဲဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီမှာ မက်ဂွိုင်းယားအနေနဲ့ ကိုယ့်အသင်းပရိသတ်တွေရော ပြိုင်ဘက်အသင်း ပရိသတ်တွေကပါ လူရွှင်တော်တစ်ဦးသဖွယ် ရှုမြင်ခြင်းကို ခံနေရတာဖြစ်ပြီး သူ့အနေနဲ့ တစ်ဦးချင်းအမှားဖြစ်တာခြင်းအတူတူတောင် တစ်ခြားသူတွေက ဂိုးမပေးခဲ့ရဘဲ သူ့ကျမှ ဂိုးပေးနေရတာကြောင့် ကံဆိုးသူတစ်ဦးလို့တောင် ဆိုနိုင်ပါတယ်။