ဂျူဗင်တပ်စ်အသင်းဟာ ခံစစ်မှူး ဒီလစ်အတွက် ချဲလ်ဆီးရဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရပါတယ်။ နည်းပြ တူချယ်ဟာ ယခုနှစ်နွေရာသီမှာ ငွေသုံးကြမ်းခွင့်ရရှိမှာဖြစ်ပြီး ခံစစ်မှူးသစ်ခေါ်ယူရေးက ဂျာမန်သားအတွက် အဓိကပစ်မှတ် ဖြစ်ပါတယ်။ ဒီလစ်ဟာ ချဲလ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်ပေမဲ့ စာချုပ်ဖျက်သိမ်းကြေးပေးဖို့တော့ တွန့်ဆုတ်နေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ဒီလစ်အတွက် ဝါနာ ဒါမှမဟုတ် ပူလီဆစ်အပါအဝင် ကစားသမားအလိုက်ပေးကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အီတလီမီဒီယာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက်အပေါ် ဂျူဗင်တပ်စ်က ပယ်ချလိုက်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမားတွေ ခေါ်ယူဖို့ကြိုးစားနေတာကို သိရှိထားတာကြောင့် ယခုလို ကမ်းလှမ်းမှု ပြုလုပ်လိုက်တာဖြစ်တယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဂျူဗီနည်းပြ အယ်လီဂရီဟာ ကြံ့ခိုင်မှုအားကောင်းမွန်တဲ့ နံပါတ်၉ ကစားသမားကို လိုချင်တာကြောင့် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဝါနာနဲ့ အဆိုပါအချက်က ကိုက်ညီခြင်း မရှိခဲ့ပါဘူး။

အလားတူ ဂျူဗင်တပ်စ်က ပူလီဆစ်အစား ဒီမာရီယာကိုသာ အလွတ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ နယ်သာလန်သားကို ခေါ်ယူမယ်ဆိုရင်တော့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုရဖွယ် ရှိနေပါတယ်။ ဂျူဗင်တပ်စ်က သတ်မှတ်ထားတဲ့ဈေးကတော့ ယူရိုသန်း၁၀ဝဖြစ်ပြီး အဆိုပါ ပြောင်းရွှေ့ကြေးကတော့ ၂၀၁၇ခုနှစ်က လီဗာပူးအသင်း ဗန်ဒိုက်ကို ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် သာလွန်သွားမှာ ဖြစ်ပါတယ်။ ဒီလစ်က ပရီးမီးယားလိဂ်ကို လာကစားချင်ပေမဲ့ ချဲလ်ဆီးက သတ်မှတ်ထားတဲ့ဈေးထက် လျော့ပေးနိုင်ဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာလည်း နည်းပြဂျာဂန်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ရာသီက တစ်မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လွဲချော်ခဲ့ပြီးနောက် ပြိုင်ဘက်မန်စီးတီးနဲ့ ကွာဟမှုကို လျှော့ချနိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီနွေရာသီမှာ အဓိက ကစားသမား တစ်ယောက်ဖြစ်တဲ့ ဆာဒီယိုမာနေးကို ဘိုင်ယန်မြူးနစ်ထံ ဆုံးရှုံးလိုက်ရပေမယ့် လူငယ်ခြေတက် ဒါဝင်နူနက်ဇ်ကို အမြန်ဆုံး ပြန်လည်အစားထိုးနိုင်ခဲ့ပါတယ်။

အာနိုးလ်လက်သစ်လို့ နာမည်ကြီးတဲ့ လူငယ်ညာနောက်ခံလူ ကယ်ဗင်ရမ်ဆေးကိုလည်း ခေါ်ယူထားပါသေးတယ်။ ကလော့ပ်ရဲ့ နောက်ထပ် နံပါတ် ၁ ပစ်မှတ်ဖြစ်လာနိုင်တဲ့ ကစားသမားတစ်ဦးကတော့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘွန်ဒက်လီဂါကလပ်ဟာ တစ်နှစ်ကိုကြယ်ပွင့်ကစားသမား တစ်ယောက်အမြဲလိုလို ထုတ်ရောင်းလေ့ရှိတာကြောင့် ဒီအပြောင်းအရွှေ့ဟာ လာမယ့်နှစ်ထဲမှာ ဖြစ်မြောက်လာဖို့များပါတယ်။

ဒေါ့မွန်ဟာ အသင်းရဲ့အဓိက တိုက်စစ်မှူး အာလင်းဟာလန်းကို ဒီနွေရာသီမှာ ရောင်းထုတ်ခဲ့ပြီး နောက်ထပ်အခုလိုမျိုး ကြီးမားတဲ့အပြောင်းအရွှေ့ ဖြစ်မြောက်လာမယ့် ကစားသမားအဖြစ်တော့ ဘယ်လင်ဂမ်ကို သတ်မှတ်ထားပါတယ်။ The Sun သတင်းအရ မန်စီးတီးက ကွင်းလယ်ပိုင်းအတွက် ကယ်ဗင်ဖီးလစ်ကို ခေါ်ယူနိုင်တော့မှာဖြစ်လို့ လီဗာပူးဟာ ၁၈ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှုမြင့်တက်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ဖူးတဲ့ လိဒ်စ်ယူနိုက်တက် ကွင်းလယ်ခံစစ်ကစားသမားဟာ မန်စီးတီးကို ပေါင် ၄၅ သန်းလောက်နဲ့ ရောက်ဖို့နီးစပ်လျက်ရှိပါတယ်။ ဖီးလစ်ဟာ ဂွာဒီယိုလာရဲ့ ကွင်းလယ်နဲ့ အံကိုက်ကစားသမား တစ်ယောက်ဖြစ်ပေမယ့်လည်း ပွဲထွက်လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့အတွက်ကိုတော့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ခံစစ်အားသန် ကွင်းလယ်လူအဖြစ်နဲ့ ခြေစွမ်းပြနေတာကြောင့် စီးတီးအနေနဲ့ ဘယ်လင်ဂမ်အပေါ် စိတ်ဝင်စားမှု လျော့သွားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဆယ်ကျော်သက်ကစားသမားလေးရဲ့ အရည်အသွေးက စိတ်မဝင်စားတဲ့ အသင်းရယ်လို့ မရှိသလောက်ပါပဲ။ ဒါပေမယ့် လီဗာပူးအနေနဲ့ ကွင်းလယ်ပိုင်းကို ပိုတိုးတက်အောင် ပြုပြင်ချင်ဘူး လာမယ့်နှစ်ထဲမှာ ဘယ်လင်ဂန်ကို အန်ဖီးလ်မှာ မြင်တွေ့ရဖွယ် ရှိပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခဲ့တဲ့ ကွင်းလယ်အတွဲ သီယာဂိုအယ်ကန်တာရာနဲ့ ဂျော်ဒန်ဟန်ဒါဆန်တို့ နှစ်ယောက်စလုံး အသက် ၃၀ အရွယ်တွေဖြစ်ပြီး နောက်ထပ် ကွင်းလယ်လူတစ်ယောက်ကတော့ အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။

ကလော့ပ်ဟာပြီးခဲ့တဲ့ လပိုင်းအတွင်း တိုက်စစ်ပိုင်းအတွက် နူနက်ဇ်နဲ့ လူးဝစ်ဒီရက်ဇ်တို့ကို ခေါ်ယူထားခဲ့ပြီးပြီဖြစ်လို့ ကွင်းလယ်နဲ့ခံစစ်ပိုင်းတွေကို ပြုပြင်ဖို့ ရည်ရွယ်ထားပါတယ်။ မာနေးရဲ့ ထွက်ခွာမှုဟာ အာဖရိကနိုင်ငံများဖလား အပြီးမှာ ထွက်ခွာနိုင်ကြောင်း ပြောခဲ့သလို ဒီလိုအခြေအနေမျိုးကို မိုဟာမက်ဆာလက်လည်း ပြုလုပ်နိုင်ပါတယ်။ အီဂျစ်တိုက်စစ်မှူးရဲ့ စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်လည်း မချုပ်နိုင်ပါဘူး။ ဒီနွေရာသီမှာလည်း ထွက်ခွာနိုင်ခြေလည်းရှိနေပြီး လီဗာပူး အနေနဲ့ ဆာလက်ကိုလည်း ရောင်းမှရမယ့် အခြေအနေဖြစ်လာရင်တော့ ပေါင်သန်း ၆၀ လောက်နဲ့ လက်လွှတ်ဖွယ် ရှိပါတယ်။