လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ ဝုလ်ဗ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင် နဲဗက်စ်ကို အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကို ကျော်ဖြတ်ကာ ခေါ်ယူဖို့အတွက် ညွှန်ကြားထားကြောင်း သိရပါတယ်။

တန်ဟာ့ဂ်အနေနဲ့ ပူလှပါတယ်ဆိုတဲ့ အိုးလ်ထရက်ဖို့ဒ်က ထိုင်ခုံပေါ်ကိုရောက်တာ တစ်ပတ်တောင်မပြည့်သေးပေမယ့် ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွက် ပစ်မှတ်ကစားသမားတွေကိုတော့ စာရင်းပြုစုထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အိုင်းယက်စ်အသင်းနဲ့ ဒတ်ချ်ပြည်တွင်းအမှတ်ပေးချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ဒတ်ချ်နည်းပြအနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦး၊ ကွင်းလယ်လူတစ်ဦးနဲ့ ခံစစ်အတွင်းလူတစ်ဦးတို့ ကို ခေါ်ယူလိုနေပြီး နဲဗက်စ်ကိုတော့ ထိပ်တန်းပစ်မှတ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာပါ။

ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမား နဲဗက်စ်အနေနဲ့ ဝုလ်ဗ်စ်အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက ပေါ်တိုအသင်းကနေ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ကွင်းလယ်မှာ အဓိက,ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နဲဗက်စ်ကို ပထမဆုံးစိတ်ဝင်စားခဲ့တုန်းက အသင်းကို မန်နေဂျာဟောင်း အိုလေ ဂန်းနား ဆိုးလ်ရှား ကိုင်တွယ်ခဲ့စဉ်ကတည်းကဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့သေးတာဖြစ်ပါတယ်။

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ တန်ဟာ့ဂ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားကို ပြန်လည်ကြိုးပမ်းဖို့အတွက် စိတ်ဝင်စားမှုကို ပြသစေခဲ့ပြီး အပြောင်းအရွှေ့ဖြစ်လာဖို့အတွက် နောက်ဆုံးတွန်းအားပေးမှုတွေကို ပြုလုပ်သွားနိုင်ကြောင်း သိရပါတယ်။

ဝုလ်ဗ်စ်အသင်းအနေနဲ့ နဲဗက်စ်ကို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအစတုန်းက ပေါင်သန်း ၄၀ ဝန်းကျင်သတ်မှတ်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ပေါ်တူဂီကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၅၀ ကျော်နဲ့ ကမ်းလှမ်းမှုတွေကိုသာ စဉ်းစားသွားဖွယ်ရှိနေပါတယ်။

နဲဗက်စ်နဲ့ ဝုလ်ဗ်စ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် နဲဗက်စ်ကတော့ အပြောင်းအရွှေ့ကြီးကြီးမားမားတစ်ခုခုကို ပြုလုပ်ဖို့အတွက် တစ်သင်းသင်းနဲ့ စာချုပ်ချုပ်ဖို့အတွက် ဆန္ဒရှိနေပုံပေါ်တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ နဲဗက်စ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုနဲ့မတူဘဲ ချန်ပီယံလိဂ်ကစားခွင့်နဲ့ မက်လုံးပေးကာ ခေါ်ယူသွားနိုင်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့မန်နေဂျာ မီခဲလ် အာတီတာကလည်း နဲဗက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး အမ်းမရိတ်စ်ကို ခေါ်ဆောင်သွားဖို့ စိတ်အားထက်သန်နေနိုင်တာလည်း ဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းရဲ့ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့ပြီးနောက်မှာ နဲဗက်စ်အနေနဲ့ ဒီနှစ်နွေမှာ အသင်းကနေ ထွက်ခွါသွားနိုင်ကြောင်း နှပ်ကြောင်းပေးသွားခဲ့တာဖြစ်ပါတယ်။

နဲဗက်စ်က “ဒီအခိုက်အတန့်မှာ ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ကို ပြောနိုင်တာတစ်ခုတည်းကတော့ လူတိုင်းက ဘောလုံးလောကရဲ့အကြောင်းကို သိနေကြတာပဲ။ ကျွန်တော်တို့ ဘဝတွေရဲ့အကြောင်းရောပေါ့။ ကျွန်တော်တို့ ကစားသမားဘဝက တကယ့်ကို တိုတောင်းပြီး ကျွန်တော်တို့မှာ ရှိနေတဲ့ အခွင့်အရေးတွေကို ယူဖို့တော့ လိုအပ်တယ်”

“ကျွန်တော်တို့အားလုံးမှာ အိပ်မက်တွေ ကိုယ်စီရှိပြီး ကျွန်တော်တို့အနေနဲ့ အချိန်ကာလတိုတိုလေးအတွင်းမှာ ဒီအိပ်မက်တွေထဲမှာ နေထိုင်နိုင်ဖို့အတွက် လိုအပ်ပါတယ်။ ဘာဖြစ်မလဲဆိုတာကြည့်ကြတာပေါ့။ ဒါနဲ့ပတ်သက်ပြီး အများကြီးမပြောနိုင်ဘူး”လို့ ပြောလာခဲ့ပါတယ်။