မန်ချက်စတာယူနိုက်တက်တို့က မနေမနား တအားလိုက်နေကြပေမဲ့လည်း ဖရန်ကီဒီယောင်က ရောင်းဖို့မဟုတ်ဘူးဆိုတဲ့ရပ်တည်မှုကို ဘာဆီလိုနာဥက္ကဌဟွမ်းလာပေါ်တာက ထပ်မံပြီး အခိုင်အမာအတည်ပြုလိုက်ပြန်ပါတယ်။ ကွင်းလယ်ကစားသမားဟာ နွေရာသီတခုလုံး အိုးထရက်ဖို့ဒ်နဲ့ အကြီးအကျယ်သတင်းချိတ်ဆက်နေတာဖြစ်ပြီး အဲရစ်တန်ဟဂ်ရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

ဒီယောင်အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့ပြီးပြီလို့ ယူနိုက်တက်တို့က ယုံကြည်နေပေမဲ့ အရောင်းအဝယ်ရဲ့ ပိုတိကျတဲ့အသေးစိတ်အချက်အလက်တွေ ချောမွေ့ပြီးစီးဖို့ လိုနေဆဲဖြစ်ပြီး ရာသီကြိုမတိုင်ခင် အရောင်းအဝယ်ပြီးစီးနိုင်မယ့်အခွင့်အလန်း နည်းပါးလာတာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကမ့်ပ်နူးကိုပြောင်းလာတဲ့ သူတို့ရဲ့ဒတ်ချ်စတားနဲ့ပတ်သတ်တဲ့ သတင်းပေါင်းစုံတောက်လျှောက်ဖြစ်နေတာကို ဘာဆီလိုနာတို့ ရင်ဆိုင်ခံစားနေခဲ့ရပါတယ်။

သူတို့က ငွေဖော်ဖို့လိုနေတယ်လို့ယူဆခံရတာဖြစ်ပြီး ဒီလိုကောလာဟလတွေကို ဘာဆီလိုနာတို့ရဲ့ ဘဏ္ဍာရေးကြပ်တည်းမှုက ဖြစ်ပေါ်စေတာပါ၊ ဒါပေမဲ့ ကစားသမားက ရောင်းဖို့မဟုတ်ဘူးလို့ လာပေါ်တာကတော့ ထပ်မံပြီး အခိုင်အမာဆိုလိုက်ပါတယ်။ ဘာကာကစားသမားသစ် ဖောန့်ခ်ကတ်ဆီယယ်ကို မိတ်ဆက်ဖော်ထုတ်တဲ့အခမ်းအနားမှာ လာပေါ်တာစကားပြောတဲ့အခါ

“ဖရန်ကီဒီယောင်က ဘာကာကစားသမားဖြစ်ပြီး ကျနော်တို့မှာ အခြားရွေးချယ်စရာမရှိတာကလွဲရင် သူ့ကိုမရောင်းချင်ပါဘူး။ ဒါပေါ့၊ ဒီယောင်အတွက် ကမ်းလှမ်းမှုတွေရှိနေတာ ကျနော်တို့သိတာပေါ့၊ ဒါပေမဲ့ သူ့ကို ကျနော်တို့မရောင်းချင်ပါဘူး” လို့ ထည့်ပြောခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်တုန်းကလည်း အလားတူစတိတ်မန့်မျိုးကို မန်ယူတို့ရခဲ့တာဖြစ်လို့ အခုတခါကတော့ အနာပေါ်ဆားဖြူးခံရတာပါပဲ။

“သူ့ကိုလိုချင်နေကြတဲ့ကလပ်တွေ ရှိနေတယ်ပေါ့ဗျာ၊ ယူနိုက်တက်တခုတည်းမဟုတ်ပါဘူး။ သူ့ကိုရောင်းချဖို့ရည်ရွယ်ချက် ကျနော်တို့မှာမရှိပါဘူး၊ သူကလည်း ဆက်နေချင်ပါတယ်။ ဖရန်ကီဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တယောက်လို့ ကျွမ်းကျင်သူအားလုံး သတ်မှတ်စဉ်းစားခြင်းကိုခံရတဲ့သူပါ။ သူ့ကိုရထားလို့ ကျနော်တို့ပျော်ရွှင်ပါတယ်။ ဒီမှာ ဖရန်ကီဆက်နေနိုင်ဖို့ ကျနော့်အစွမ်းနဲ့ဖြစ်နိုင်သမျှအရာအားလုံးကို ကျနော်လုပ်သွားမှာပါ။ ဒါပေမဲ့ လစာပြဿနာတခုတော့ရှိနေပြီး ဒါကလည်း ညှိနှိုင်းဖြေရှင်းလို့ရသွားမှာပါ။”

လို့ လာပေါ်တာက ပြောခဲ့တာဖြစ်ပါတယ်။ ယခင်ပြောခဲ့တဲ့ ဒီမှတ်ချက်စကားတွေကို ယူနိုက်တက်တို့က ပေါ့ပေါ့တန်တန်ပဲသဘောထားပြီး ဒီယောင်ကိုဆက်မလိုက်ဘဲရပ်တန့်လိုက်ဖို့ကို ငြင်းဆိုခဲ့ကြတယ်လို့ အက်သလက်တစ်မီဒီယာက ဖော်ပြထားပါတယ်။ သို့သော်လည်း ဒါကိုတုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့သဘောထားကို လာပေါ်တာက ထပ်မံအရှိန်မြင့်သတိပေးလိုက်တာဖြစ်ပြီး တန်ဟဂ်ရဲ့ဆန္ဒကို သံသယတွေဖြစ်အောင် လုပ်ခဲ့ပါတယ်။

ဒီယောင်ဟာ အိုင်းယက်စ်မှာတုန်းက တန်ဟဂ်နဲ့အတူ အလုပ်တွဲလုပ်ခဲ့ဖူးပြီး အခု တန်ဟဂ်က မန်ယူမန်နေဂျာဖြစ်လာတဲ့အခါမှာ အိုးထရက်ဒ်ဖို့အုပ်စုရဲ့သော့ချက်ကစားသမားအဖြစ် ဒီယောင်ကို ရှုမြင်ထားတာဖြစ်ပါတယ်။ တကယ်လို့ မန်ယူတို့ကမ်းလှမ်းမှုတခုခုက သဘောတူညီမှုရခဲ့တယ်ဆိုရင်လည်း ရာသီကြိုပြီးလောက်မှပဲ နောက်ကျရောက်ရှိမှုတခု ဖြစ်လာနိုင်တော့မယ့်သဘောဖြစ်ပါတယ်။ ဘာကာမှာ ဖောန့်ခ်ကတ်ဆီယယ်ရောက်လာတဲ့အပြင် ပက်ဒရီ၊ ဆာဂျီယိုဘူးစကွက်စ်တို့လိုတွေရှိနေတာကြောင့် ကွင်းလယ်မှာ ပြိုင်ဆိုင်မှုပြင်းထန်နေမှာပါ။

မန်ယူတို့ကတော့ သတင်းပေါင်းစုံထွက်နေပေမဲ့ အခုမှ ပထမဆုံးခေါ်ယူမှုအဖြစ် ဖေယန်နော့ဒ်က တိုင်ရယ်မလာစီယာကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ သူတို့ရဲ့ပစ်မှတ်ကို ကွင်းလယ်ဧရိယာဆီရွှေ့လိုက်ပြီဖြစ်ပြီး ပေါ့ဘာ၊ မာတစ်၊ လင်ဂတ်တို့ အားလုံးထွက်သွားကြတဲ့ကွင်းလယ်က အင်အားဖြည့်တင်းဖို့ အရေးတကြီးလိုအပ်နေတာပါ။ ကာယကံရှင်ကစားသမား ဒီယောင်ကတော့ ဘာဆီလိုနာမှာပဲဆက်နေချင်တာဖြစ်ပြီး ဒီအချက်ကိုလည်း တနွေလုံးကိုင်စွဲထားခဲ့ပါတယ်။

“ဘာဆီလိုနာမှာ အောင်မြင်မှုတခုရရှိဖို့ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်အဝ ကျနော့်မှာရှိပါတယ်။ ကျနော်မကြောက်ရွံ့ပါဘူး။ နည်းပြနဲ့ လတ်တလောလေးမှာတင် အသေးစိတ် ကျနော်စကားပြောခဲ့ပါတယ်။ သိပ်ကောင်းတဲ့ စကားပြောဆိုဆွေးနွေးမှုတခုဖြစ်ခဲ့ပါတယ်။ (ယူနိုက်တက်တို့နဲ့ချိတ်ဆက်နေခြင်းများ) အဲဒီဆီကို ကျနော်သွားမှာမဟုတ်ပါဘူး။ အခြားအမည် သို့မဟုတ် ကလပ်တွေကိုတောင် မသွားပါဘူး။ ကျနော်က ရိုးအခဲ့ဖူးပြီး ဒါနဲ့ပတ်သတ်လို့ အားလုံးလက်ခံစဉ်းစားတဲ့စိတ်ကို ဖွင့်ထားခဲ့မိဖူးပါတယ်။ အခုတော့ ဒါမျိုးထပ်မလုပ်တော့ပါဘူး။”

“ဒီအချိတ်အဆက်က ဖန်တီးထားတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ အဖြေထုတ်ဖို့က ဒီလောက်မခက်ခဲပါဘူး။ ဒါက လောဂျစ်ကျပါတယ်။ အိုင်းယက်စ်မှာတုန်းက တန်ဟဂ်နဲ့ ကျနော်အလုပ်ကောင်းကောင်းလုပ်ခဲ့ပါတယ်။ အနာဂါတ်ကိုတော့ ကျနော်မမြင်နိုင်ဘူးပေါ့၊ ဒါပေါ့လေ။ ဒါပေမဲ့ ဘာဆီလိုနာမှာဆက်နေဖို့ပဲ ကျနော်ပိုလိုလားပါတယ်။ ဒီကလပ်က ကျနော့်ရဲ့အိပ်မက်ကလပ် အမြဲတမ်းဖြစ်ခဲ့ပြီး အခုထိလည်းဖြစ်နေဆဲပါ။ ကလပ်စီမံခန့်ခွဲမှုဆီက ကျနော်ဘာမှမကြားရသရွေ့ ဘာမှဖြစ်မနေဘူးလို့ပဲ ကျနော်ယူဆထားပါတယ်။” လို့ ပြီးခဲ့တဲ့လတုန်းက ၂၅ နှစ်သား ကွင်းလယ်ကစားသမားက ပြောခဲ့ပါတယ်။