နည်းပြသစ် အဲရစ်တန်ဟဂ်လက်ထက် မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အီတလီအသင်းကို အရေးနိမ့်ခဲ့ပြီးကတည်းက အသက် ၂၄ နှစ်သားဟာ ပုံမှန်ခြေစွမ်းကောင်းတွေရရှိဖို့ ရုန်းကန်နေရပါတယ်။

အဆိုပါပွဲစဥ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားရာမှာ ငါးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ကျဆင်းလာတာကြောင့် သူဟာ ဂါရတ်သ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းက ချန်လှပ်ခံခဲ့ရပါတယ်။

သူ့အနေနဲ့ လာမယ့်ဘောလုံးရာသီအစမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မှသာလျှင် ကာတာကမ္ဘာ့ဖလား ပါဝင်ယှဥ်ပြိုင်ခွင့် ရရှိနိုင်ပါတယ်။ ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ ရပ်ရှ်ဖို့ဒ် အနေနဲ့ သူ့ရဲ့ကစားသမားဘဝကို ကယ်တင်ဖို့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသင့်တယ်လို့ တိုက်တွန်းထားကြပါတယ်။

ဂျာမန်အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် The Telegraph ကတော့ အင်္ဂလန်သားဟာ ယူနိုက်တက်မှာဆက်နေဖို့ ဆုံးဖြတ်ထားပြီး နည်းပြသစ်လက်ထက်မှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

သူဟာ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု မခံယူခင်က အင်္ဂလန်ရဲ့ အလားအလာအရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၊ ၂၀၂၀-၂၁ ဘောလုံးရာသီနှစ်ခုမှာ သွင်းဂိုးစုစုပေါင်း ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာလည်း ပုံမှန် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၂၀၂၀-၂၁ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၅၇ ပွဲအထိ ကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက ရက်ဖ်ရန်းနစ်ခ်ကို ယာယီ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ချိန်က ရပ်ရှ်ဖို့ဒ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဥ် ၁၄ ပွဲမှာ လေးပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့သူပါ။ မတ်လအတွင်းကတော့ ရန်းနစ်ခ်က ရပ်ရှ်ဖို့ဒ်ရဲ့ ပွဲကစားခွင့်နဲ့ပတ်သက်ပြီး ယခုလို ပြောကြားခဲ့ပါတယ်။

“သူ့မှာ လုံလောက်တဲ့ ပွဲကစားချိန်မရှိဘူးလို့ ကျွန်တော် မထင်ပါဘူး။” လို့ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ဒီကို စရောက်ချိန်ကတည်းက သူဟာ ၁၃-၁၄ ပွဲ ကစားခဲ့ရပါတယ်။ ရာသီအစက (ဒဏ်ရာကြောင့်) သူ မကစားနိုင်တာနဲ့စာရင် ခုက ပွဲစဥ်အများကြီး ကစားလာရပါတယ်။”

“ဒါက ပြဿနာတစ်ခုဖြစ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ နောက်ပြီး ဒီအကြောင်းကို သူ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးပါဘူး။ နောက်ပြီး အခုက အပြောင်းအရွေ့စျေးကွက် ပိတ်နေတယ်လေ။”

“သူ့အေးဂျင့်ဖြစ်ဖြစ် မိသားစုဖြစ်ဖြစ် သူဖြစ်ဖြစ် ဒီအခြေအနေမှာ အသင်းပြောင်းမယ်လို့ စိတ်ကူးခဲ့ရင် ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် နွေရာသီရောက်မှ ပြောင်းရမှာပါ။ ကျွန်တော် သူ့ကို မနေ့ကရော ဒီနေ့ရော စကားပြောခဲ့ပါတယ်။ ဒီတော့ သူ မပျော်မရွှင်ဖြစ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။”