“မာ့ခ်ကူကူရယ်လာကိုရောင်းဖို့ ဘယ်ကလပ်နဲ့မှ သဘောတူညီမှုမရောက်သေးပါဘူး။” စပိန်ခံစစ်မှူးဟာ ချယ်လ်ဆီးကို ပေါင် ၅၂.၅ သန်းနဲ့ မကြာခင်ရောက်တော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်နေတဲ့ကြားက ဘရိုက်တန်တို့က အထက်ပါအတိုင်း စတိတ်မန့်အခိုင်အမာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တဘက်မှာလည်း ချယ်လ်ဆီးလူငယ်ကစားသမား လက်ဗီကိုးဝဲလ်က ဘရိုက်တန်ဘက်ကိုပြန်သွားဖို့ကိစ္စရှိနေပါတယ်။

ချယ်လ်ဆီးတို့က ဘရိုက်တန်နောက်တန်းကစားသမား မာ့ခ်ကူကူရယ်လာကို ပေါင် ၅၂.၅ သန်းနဲ့ခေါ်ဖို့နီးစပ်နေပါတယ်။ ဒါပေမဲ့ ပျံ့နှံ့နေတဲ့သတင်းတွေနဲ့ဆန့်ကျင်စွာပဲ သူတို့ကစားသမားအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရသေးပါဘူးလို့ ဗုဒ္ဒဟူးညမှာ ဘရိုက်တန်တို့က ကလပ်စတိတ်မန့်နဲ့ထုတ်ပြန်ခဲ့ပါတယ်။ ဘရိုက်တန်တို့ရဲ့ဒီထုတ်ပြန်ချက်ဟာ ဘောလုံးအပြောင်းအရွှေ့လောကမှာ ဖန်တွေအားကိုးအားထားပြုကြတဲ့ ထရန်စဖာဂုရုဖာဘရီဇီယိုရဲ့ သတင်းအတိအကျတင်ပြီး နာရီပိုင်းအတွင်း ကြေညာခဲ့တာဖြစ်လို့ ဖာဘရီဇီယိုကို အဓိကရည်ရွယ်ပြီး အရှိုက်ထိုးနှက်လိုက်သလို ဖြစ်ခဲ့ပါတယ်။

“ချယ်လ်ဆီးသို့ မာ့ခ်ကူကူရယ်လာ၊ here we go! ပေါင်သန်း ၅၀ ထက်ကျော်အတွက် ချယ်လ်ဆီးနဲ့ ဘရိုက်တန်ကြားမှာ သဘောတူညီမှုအပြည့်အစုံ။ လက်ဗီကိုဝဲလ်လည်း ဘရိုက်တန်ကို မကြာမီပူးပေါင်းဖို့ လက်နှစ်လုံးအလို။ တကိုယ်ရည်အချက်အလက်များ သဘောတူညီထားပြီးဖြစ်၊ မန်စီးတီးတို့အတွက် မဖြစ်နိုင်တော့။ ကူကူရယ်လာက ချယ်လ်ဆီးခေါ်ယူမှုအသစ်ဖြစ်လာတော့မယ်။ ပွဲပြီးပြီ။” လို့ ဖာဘရီဇီယိုက တွစ်တာမှာတင်ခဲ့ပါတယ်။ ဒီလိုတင်ပြီးမကြာခင်နာရီပိုင်းအတွင်းမှာပဲ ဘရိုက်တန်ကလပ်တွစ်တာက ဒီထုတ်ပြန်ချက်ကို တင်ခဲ့တာပါ။

“ကလပ်ထုတ်ပြန်ကြေညာချက် ။ ။ မာ့ကူကူရယ်လာ။ ယနေ့ညနေ မြောက်မြားစွာသောမီဒီယာအောက်လက်များဆီမှ မတိကျသောသတင်းအစီရင်ခံစာများနဲ့ဆန့်ကျင်စွာ၊ မာ့ခ်ကူကူရယ်လာကိုရောင်းဖို့ ဘယ်ကလပ်နဲ့မှာ သဘောတူညီမှုမရောက်ရှိသေးပါဘူး။” တဲ့။ ယခုနောက်ပိုင်းမှာ ယခင်ကလောက် သတင်းမတိကျတော့သလို အခြားသတင်းထောက်တွေရဲ့ သတင်းဦးတွေကို ခရက်ဒစ်မပေးဘဲ ကူးချတင်တာတွေရှိနေတဲ့ ဖာဘရီဇီယိုကို မနှစ်သက်သူတွေလည်း အများအပြားရှိလာတာကြောင့် ဘရိုက်တန်တို့ရဲ့ဒီရိုက်ချက်က တာသွားခဲ့ပါတယ်။ ဖာဘရီဇီယိုရဲ့သတင်းအောက်မှာ လာရောက်လှောင်ပြောင်ကြသူတွေ အများကြီးရှိနေပါတယ်။

ဖာဘရီဇီယိုလည်း ထိရှသွားပုံရပြီး တွစ်တာအသုံးပြုသူချယ်လ်ဆီးဖန်တဦးက “ဒါဖြင့် ဖာဘရီဇီယိုက ငါတို့ကိုလိမ်တာပေါ့” လို့ ရေးထားတဲ့တွိကို “ဘယ်သူလိမ်လဲ မကြာခင်သိရစေ့မယ်။” လို့ ရီပလိုင်းလာပြန်သွားခဲ့ပါတယ်။ ဘရိုက်တန်တို့ရဲ့စတိတ်မန့်ထွက်လာပြီးနောက်မှာကိုပဲ ဖာဘရီဇီယိုက အလျှော့မပေးသေးဘဲ ကူကူရယ်လာစပ်ဆက်သတင်းကို ထပ်တင်ခဲ့ပါတယ်။ “ဘရိုက်တန်တို့နဲ့ လက်ဗီကိုဝဲလ်အရောင်းအဝယ်မှာ ချယ်လ်ဆီးတို့က ပြန်လည်ဝယ်ယူခွင့်ထည့်မယ်လို့ သတင်းရထားပါတယ်၊ ဒါဟာ ဆွေးနွေးညှိနှိုင်းမှုပြီးမြောက်ဖို့ အခု ကီးပွိုင့်တခုဖြစ်ပါတယ်။ ဘရိုက်တန်၊ ချယ်လ်ဆီးနဲ့ ကိုဝဲလ်ရဲ့ကိုယ်စားလှယ်အဖွဲ့တို့က အဆုံးသတ်အသေးစိတ်တွေအေပေါ် အလုပ်လုပ်နေကြပါတယ်။” တဲ့။

လက်ရှိနောက်ဆုံးအခြေအနေအရတော့ ဘရိုက်တန်တို့ရဲ့စတိတ်မန့်က မှန်တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးတို့နဲ့ ၆ နှစ်စာချုပ်လက်မှတ်ထိုးဖို့အတွက် ကူကူရယ်လာကပြင်ဆင်ထားပြီး ကြာသပတေးနေ့မှာ ဆေးစစ်ဖို့ ဘိုကင်လုပ်ထားတယ်လို့လည်း သိရပါတယ်။ အင်္ဂါနေ့ညနေမှာ ချယ်လ်ဆီးတို့ရဲ့ကမ်းလှမ်းမှုအပေါ် စကားပြောဆိုမှုအဆင့်ရှေ့တက်လာပြီး ဗုဒ္ဒဟူးညမှာ သဘောတူညီမှုနဲ့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက တရာရာခိုင်နှုန်းပြီးပြီးသားဆိုတာကို ဘရိုက်တန်တို့ကငြင်းပယ်တာဖြစ်ပါတယ်။

နောက်တချက်ကတော့ လက်ဗီကိုဝဲလ်ကို အငှားဖြစ်စေ၊ အပြီးသတ်ဖြစ်စေခေါ်ဖို့ကိစ္စအတွက် တပြိုင်တည်းဆွေးနွေးနေတာကြောင့်ပါ။ ၁၉ နှစ်အရွယ်ကစားသမားက ဘရိုက်တန်ကိုသွားဖို့ သဘောတူပြီးသားဖြစ်ပေမဲ့ ပြောင်းရွှေ့ကြေးနဲ့လစာကိစ္စတွေအပေါ် ပိုတိကျတဲ့သဘောတူညီမှုတွေရဖို့ စောင့်နေတာဖြစ်ပါတယ်။ ကူကူရယ်လာရဲ့အပြောင်းအရွှေ့ပြီးခဲ့ရင်တော့ ချယ်လ်ဆီးတို့က ဒီနွေရာသီမှာ စတားလင်း၊ ကူလီဘယ်လီနဲ့ ချီကာဂိုဖိုင်းယားက လူငယ်ဂိုးသမားဂေဘရီယယ်ဆလွန်နီနာတို့အပါအဝင် အပြောင်းအရွှေ့စရိတ်စုစုပေါင်း ပေါင် ၁၄၅.၅ သန်းအသုံးပြုတာဖြစ်လာမှာပါ။

မန်စီးတီးတို့ရဲ့ဘယ်နောက်ခံလူနေရာမှာ ဘင်ဂျမင်မန်ဒီက လိင်အကြမ်းဖက်မှုများစွာနဲ့တရားရင်ဆိုင်နေရသလို ဇင်ချန်းကိုကိုလည်း အာဆင်နယ်ဆီရောင်းချခဲ့တာဖြစ်လို့ စီနီယာကစားသမားအဖြစ် ယောင်းကန်ဆယ်လိုတဦးတည်းရှိနေတာပါ။ ဒါ့ကြောင့်မို့ ဘယ်နောက်ခံလူနေရာအင်အားဖြည့်ဖို့အတွက် ကူကူရယ်လာကို အရင်လိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးတို့က သူ့ကို ကန်ဆယ်လိုရဲ့အရံလူအဖြစ်သာလိုချင်တာဖြစ်လို့ ကနဦးမှာ ပေါင်သန်း ၃၀ နဲ့ကမ်းလှမ်းခဲ့ပြီး ပေါင်သန်း ၅၀ ဝန်းကျင်ဈေးမှန်းထားတဲ့ ဘရိုက်တန်တို့က ဒီကမ်းလှမ်းမှုကို စော်ကားမှုတခုအဖြစ် ချက်ချင်းပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးတို့က ထပ်မံကမ်းလှမ်းလည်း ပေါင်သန်း ၄၀ ထက်ပိုမပေးချင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့အပတ်မှာတော့ ကူကူရယ်လာကိုယ်တိုင်က အပြောင်းအရွှေ့တောင်းခံလွှာတင်ခဲ့ပါတယ်။ အဲဒီလိုကြားဟနေတဲ့ကွက်လပ်ထဲကို ချယ်လ်ဆီးတို့လျှိုဝင်လာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးတို့ဝင်လာပြီးနောက် မန်စီးတီးတို့က သူတို့ရဲ့ပစ်မှတ်အာရုံကို အန်ဒါလက်ချ်ကစားသမား ဆာဂျီယိုဂိုမက်စ်ဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကူကူရယ်လာဟာ မနှစ်ကနွေရာသီကမှ ဂီတာဖေးကနေ ဘရိုက်တန်ကို ပေါင် ၁၅ သန်းနဲ့ပြောင်းလာခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ပွဲဦးထွက်ရာသီမှာ ၃၅ ပွဲကစား၊ တဂိုးသွင်းနဲ့ အထင်ကြီးစရာကောင်းခဲ့ပြီး ကလပ်ရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုပါ ရရှိခဲ့ပါတယ်။

ဘာဆီလိုနာအကယ်ဒမီဆင်းကစားသမားဟောင်းက ဂွာဒီယိုလာနဲ့ပူးပေါင်းချင်ခဲ့တာဖြစ်ပေမဲ့လည်း သောမတ်စ်တူချယ်နဲ့ ပိုင်ရှင်သစ်တော့ဒ်ဘိုလီးတို့လက်အောက်က ပရောဂျက်ရဲ့ဆွဲဆောင်မှုကို သဘောကျခဲ့တာလို့ဆိုပါတယ်။ ဘရိုက်တန်တို့ဘက်မှာတော့ ကစားသမားလဲလှယ်အလိုက်ပေးမှုမျိုးမဟုတ်ဘဲ သီးခြားအရောင်းအဝယ်အဖြစ် မနှစ်တုန်းက ဟက်ဒါဖီးလ်မှာ အငှားသွားကစားပြီးခြေစွမ်းကောင်းခဲ့တဲ့ ချယ်လ်ဆီးစင်တာဘက် လက်ဗီကိုဝဲလ်၊ ၁၉ နှစ်အတွက် ဆွေးနွေးနေသလို မန်စီးတီးဘယ်နောက်ခံလူဟောင်း၊ အာဘီလိုင်ပ်ဇစ်ကစားသမား အိန်ဂျယ်လီနိုကိုလည်း စိတ်ဝင်စားနေပါတယ်။

ဒီနေရာမှာ ဆိုရှယ်မီဒီယာဘောလုံးဖန်တွေ ဟာသပြောကြတာတခုကိုထည့်ပေးရရင်တော့ ချယ်လ်ဆီးနဲ့ကူကူရယ်လာ အပြောင်းအရွှေ့သတင်းထွက်နေပြီး မကြာခင်မှာ ဘာဆီလိုနာကစားသမားအဖြစ် ကြေညာပါတော့မယ် ဆိုတာပါပဲ။ “ဘာဆီလိုနာပွဲဦးထွက်ကိုရခဲ့ပေမဲ့ ကမ့်ပ်နူးမှာ လုံးဝမကစားခဲ့ရတာက ကျနော့်ရင်ထဲကစူးတချောင်းပါ။ ဒါဟာ ကျနော်အနားမယူခင်လုပ်ချင်တဲ့ တစုံတခုဖြစ်တယ်လို့ ထင်ပါတယ်။” လို့ မာ့ကူကူရယ်လာကိုယ်တိုင်ကလည်း ပြောထားဖူးတာရှိနေပြန်တော့ ဒါက ဟာသလို့တောင်ရဲရဲမပြောဝံ့ပြန်ပါဘူး။