ကိုယ့်နိုင်ငံအတွက် ကိုယ်စားပြု ကစားရတာဟာ ကစားသမား အများစုအတွက် ဂုဏ်ယူစရာ တစ်ခုပါ။ နှစ်တိုင်း နိုင်ငံအသင်းနဲ့ အချိန် ခဏာတာသာ ကုန်ဆုံးခဲ့ရပေမဲ့ နိုင်ငံတကာအဆင့်မှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြု ကစားရတဲ့အတွက် ကြီးမားတဲ့ ပျော်ရွှင်မှု ရ ရှိစေပါတယ်။ ကစားသမားတွေဟာ သူတို့ နိုင်ငံအတွက် မတ် ၊ ဇွန် / ဇူလိုင် ၊ စက်တင်ဘာ ၊ အောက်တိုဘာ နဲ့ နိုဝင်ဘာလတို့မှာ ကစားရပါတယ်။ အဆိုပါ ကာလအတွင်း သူတို့ဟာ ၁၅ ပွဲလောက်အထိ ကစားကြရပါတယ်။

အချိန်မလုံလောက်တဲ့ ပြသနာတွေကြောင့် အချို့ကစားသမားတွေဟာ သူတို့နိုင်ငံအတွက် ပုံမှန် ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ကြရပါတယ်။ ဒီလို အဟန့်အတားတွေ ရှိနေပေမဲ့ ကစားသမား တွေကတော့ နှစ်တိုင်း သူတို့ရဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးနေပါတယ်။ ကဲ ကလင်ဒါ နှစ်တစ်နှစ်အတွင်း နိုင်ငံတကာ ဘောလုံးလောက်မှာ ဂိုး အများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေကို ကြည့်လိုက်ရအောင်ဗျာ။

(၅) ရိုမီလူလူကာကူ (၂၀၁၈ ခုနှစ် ၁၄ ဂိုး)။ ။ လူကာကူဟာ ဘယ်လ်ဂျီယံ နိုင်ငံအသင်းနဲ့အတူ ၂၀၁၈ ခုနှစ်ကိုတော့ အကောင်းဆုံး ဖြတ်သန်းခဲ့ပါတယ်။ တိုက်စစ်မှူးဟာ သူ့နိုင်ငံအတွက် ၁၄ ပွဲကစားခဲ့ပြီး ၁၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သူ ဘယ်လ်ဂျီယံအတွက် စတင်ပွဲထွက်လာကတည်းက သွင်းဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကလင်ဒါ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ လူကာကူဟာ ၂၀၁၈ ခုနှစ်မှာ ဘယ်လ်ဂျီယံအတွက် နိုင်ငံတကာ ပွဲစဥ် ၆ ပွဲ ကစားခဲ့ပြီး ၆ ဂိုး သွင်းယူခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ဟာ ကမ္ဘာ့ဖလား ဖြစ်တာနဲ့အတူ လူကာကူဟာ ရုရှားကို သွားရောက် ကစားမဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ ၆ ပွဲ ပါဝင် ကစားခဲ့ပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကလည်း ပြိုင်ပွဲရဲ့ တတိယနေရာကို ရရှိခဲ့ပါတယ်။ သူဟာ နေးရှင်းလိဂ်မှာ ၂ ပွဲသာ ကစားခဲ့ပေမဲ့ ၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ လူကာကူဟာ နိုင်ငံတကာ ဘောလုံးလောကမှာ ကောင်းမွန်တဲ့ မှတ်တမ်း ပိုင်ဆိုင်ထားပြီး ၁၀၂ ပွဲမှာ ၆၈ ဂိုး သွင်းယူခဲထားပါတယ်။

(၄) ခရစ်စတီယာနိုရော်နယ်ဒို (၂၀၁၉ ခုနှစ် ၁၄ ဂိုး)။ ။ နိုင်ငံတကာ ဘောလုံးလောကမှာ ရော်နယ်ဒို မပါပဲနဲ့တော့ ဂိုးသွင်းအများဆုံး စာရင်းဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ပေါ်တူဂီသားဟာ နိုင်ငံတကာ အဆင့်မှာ လွှမ်းမိုးမှုရှိပြီး ၂၀၁၉ ခုနှစ်မှာ ပေါ်တူဂီအတွက် ၁၀ ပွဲသာ ကစားခဲ့ပေမဲ့ ၁၄ ဂိုး သွင်းယူခဲ့ပါတယ်။ အဆိုပါ နှစ်ဟာ သူ ပေါ်တူဂီအတွက် ၂၀၀၃ ခုနှစ်မှာ စတင်ပွဲထွက်လာကတည်းက အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၉ ခုနှစ် နေးရှင်းလိဂ်ရဲ့ ပွဲစဥ်အများစုကို မပါဝင်ခဲ့ပဲ နောက်ဆုံး အဆင့်တွေမှာသာ ပါဝင်လာခဲ့ပြီး အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

သူဟာ ဆွစ်ဇာလန်နဲ့ ဆီမီးဖိုင်နယ်မှာ ဟတ်ထရစ် သွင်းယူခဲ့ပြီး ၂ပွဲမှာ ၃ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ သူ့ရဲ့ ကျန်သွင်းဂိုးတွေကတော့ ဥရောပ ချန်ပီယံရှစ် ခြေစစ်ပွဲမှာ ရရှိခဲ့တာပါ။ သူဟာ ပြိုင်ပွဲမှာ ၈ ပွဲသာ ကစားခဲ့ပြီး ၁၁ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နိုင်ငံအတွက် ၁၈၈ ပွဲမှာ ၁၁၇ ဂိုး သွင်းယူထားပါပြီ။ သူဟာ ပေါ်တူဂီရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သလို နိုင်ငံတကာ ဘောလုံးသမိုင်းတစ်လျောက်မှာလည်း ဂိုးသွင်းအများဆုံး ကစားသမားပါ။

(၃) နေမာ (၂၀၁၄ ခုနှစ် ၁၅ ဂိုး)။ ။ ဘရာဇီးသားဟာ ၂၀၁၄ ခုနှစ်မှာ သူ့ရဲ့ အကောင်းဆုံး အချိန်တွေကို ရောက်ရှိခဲ့ပြီး ကလင်ဒါ တစ်နှစ်အတွင်း ဘရာဇီးအတွက် ၁၄ ပွဲမှာ ၁၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နေမာဟာ ပုံမှန် ဂိုးသွင်းယူနေတဲ့ ကစားသမားဖြစ်ပြီး သူ ၂၀၁၀ မှာ စတင် ပွဲထွက်လာကတည်းက အသင်းရဲ့ အားထားရာလည်း ဖြစ်ခဲ့ပါတယ်။ နေမာဟာ ၂၀၁၄ ခုနှစ် သူ့နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ ပုံစံကောင်း ပြသခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဒဏ်ရာမရခင် သူ့နိုင်ငံကို အကောင်းဆုံး ဦးဆောင်ပေးခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ပြိုင်ပွဲတစ်လျောက် ၅ ပွဲ ကစားခဲ့ပြီး ဘရာဇီးအတွက် ၄ ဂနုးသွင်းယူပေးခဲ့ပါတယ်။ နေမာဟာ ကျန် ၁၁ ဂိုးကိုတော့ ကမ္ဘာ့ဖလား မစတင်ခင်နဲ့ ကမ္ဘာ့ဖလား အပြီးမှာ ကစားကတဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ သွင်းယူပေးခဲ့တာပါ။ လက်ရှိနေမာဟာ ဘရာဇီးအတွက် ၇၄ ဂိုး သွင်းယူထားပြီး ပီလီ ရောက်ရှိထားတဲ့ ၇၇ ဂိုး စံချိန်ကို ချိုးဖျက်နိုင်တော့မှာပါ။ ပီအက်စ်ဂျီ ကစားသမားဟာ ဘရာဇီးကို ၂၀၂၂ ကမ္ဘာ့ဖလား ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး သူ့အသင်းကို ဆက်လက် လှုံ့ဆော်ပေးဖို့ မျှောလင့်ထားမှာပါ။

(၂) ဟယ်ရီကိန်း (၂၀၂၁ ခုနှစ် ၁၆ ဂိုး)။ ။ စပါးနဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သူဟာ ၂၀၂၁ ခုနှစ်မှာ အမှတ်ရစရာတွေကို ပိုင်ဆိုင်ခဲ့ပြီး အင်္ဂလန် နိုင်င့အသင်းအတွက် ၁၆ ပွဲမှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကိန်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၈ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

အင်္ဂလန် အသင်သခေါင်းဆောင်ဟာ ယူရို ၂၀၂၀ မှာလည်း ၇ ပွဲမှာ ၄ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ ခြေစမ်းပွဲစဥ် တစ်ပွဲသာ ကစားခဲ့ပြီး သွင်းဂိုးတော့ မရရှိခဲ့ပါဘူး။ ကိန်းဟာ နှစ်အတော်ကြာ အင်္ဂလန်ရဲ့ ဦးစားပေး တိုက်စစ်မှူး ဖြစ်ခဲ့ပြီး သူဟာ လက်ရှိ ၅၀ ဂိုး သွင်းယူထားပါပြီ။ တိုက်စစ်မှူးဟာ ရွန်းနီရဲ့ အင်္ဂလန် ဂိုးသွင်းမှတ်တမ်းကို လိုက်မီဖို့ ၃ ဂိုးသာ လိုတော့တာပါ။

(၁) မန်းဖစ်ဒီပိုင်း (၂၀၂၁ ခုနှစ် ၁၇ဂိုး)။ ။ ဒီပိုင်းက ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာ အံသြစရာပါ။ သူဟာ ကလင်ဒါ နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒတ်ချ် တိုက်စစ်မှူးဟာ နယ်သာလန်အတွက် ၁၆ ပွဲသာ ကစားပေးခဲ့ပြီး ၁၇ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဒီပိုင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ၁၀ ပွဲမှာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူးဟာ နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲမှာ ၃ဂိုး သွင်းယူထားပြီး ယူရို ၂၀၂၀ ၄ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီပိုင်းဟာ နယ်သာလန်အတွက် ကစားသမား ဘဝတဈလြောိက ၄၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားဟောင်းဟာ သူ့ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလားကို ကစားဖို့ မျှော်လင့်ထားပြီး ခြေစစ်ပွဲတွေမှာ အရေးပါတဲ့ နေရာက ကစားခဲ့ပါတယ်။