အာဆင်နယ်အသင်းဟာ စနေနေ့မှာ ဆီးဗီးလား အသင်းနဲ့ အမ်းမရိတ်ဖလား ယှဥ်ပြိုင်ကစားခဲ့ပြီး ၁၀ မိနစ်အတွင်း ၄ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဆာကာဟာ ပွဲချိန် ၁၀ မိနစ်မှာပဲ ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဂျေဆုက ၃ မိနစ်မှာ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးကိုတော့ မာတီနယ်လီနဲ့ ရှာကာတို့ရဲ့ စွမ်းဆောင်မှုက တစ်ဆင့် ရရှိခဲ့တာပါ။ ဂန်းနားတို့ဟာ ၁၅ မိနစ်မှာလည်း ဂျေဆုရဲ့ သွင်းဂိုးနဲ့ တတိယ ဦးဆောင်ဂိုး ရရှိခဲ့ပြန်ပါတယ်။

ဆာကာကတော့ ၁၉ မိနစ်မှာပဲ ဧည့်သည် ခံစစ်ပိုင်းဆီကနေ ဘောလုံး လုယူခဲ့ပြီး သူ့ရဲ့ ဒုတိယမြောက် သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ဂန်းနားတို့ဟာ ဒုတိယပိုင်း တစ်လျောက် ထိန်းကစားနိုင်ခဲ့ပေမဲ့ ပွဲပြီးဆုံးဖို့ ၁၅ မိနစ်အလိုမှာပဲ ဂျေဆုက ဟတ်ထရစ်သွင်းဂိုး သွင်းယူခဲ့ပါတယ်။ မာတီနယ်လီကတော့ ရှာကာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ကိုယ်ကောင်းမဆန်ပဲ လူစားဝင်လာခဲ့တဲ့ အန်ခီတီရက်ကို ပေးပို့ခဲ့ပြီး ၆ ဂိုးပြတ် အနိုင်ရရှိစေခဲ့ပါတယ်။ ကဲ အာဆင်နယ်ရဲ့ အနိုင်နဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ ပွဲစဥ်က ပြောစရာအချက်တွေကို ကြည့်လိုက်ရအောင်ဗျာ။

ဟက်ထရစ်ရှင် ဂျေဆု။ ။ အာဆင်နယ် ကစားသမားအဖြစ် ရာသီအကြိုပွဲစဥ်တွေမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျေဆုဟာ ဆီးဗီးလားနဲ့ ပွဲစဥ်မှာလည်း နောက်ထပ် ၃ ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ရာသီ ဂန်းနားတို့ တောင့်တခဲ့တဲ့ နံပါတ် ၉ ကစားသမား ဖြစ်နေပုံပါပဲ။ ပြီးတော့ သူဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရစေမဲ့ ကစားသမား ဖြစ်နိုင်ပါတယ်။ သူဟာ ပထမဂိုး ရရှိဖို့ အချိန်ကိုက် နေရာကိုက် အဆုံးသတ်နိုင်ကြောင်း ပြသခဲ့ပါတယ်။

သူ့ရဲ့ ဒုတိယမြောက် ဂိုးကို ရရှိစေဖို့လည်း မာတီနယ်လီနဲ့ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပါတယ်။ ဂျေဆုဟာ ၇၇ မိနစ်မှာ သူ့ရဲ့ ဟတ်ထရစ် သွင်းဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ အာတီတာဟာ အမ်းမရိတ်မှာ သူ့ရဲ့ ဂန်းနား ကစားသမားအဖြစ် ဂျေဆုဆီက ပိုပြီး မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ စီးတီးအသင်းကို ပေါင် ၄၅ သန်း ပေးချေထားရတဲ့ တန်ကြေးက အသုံးဝင်စေခဲ့ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်နဲ့ အိုဒီဂတ်။ ။ အိုဒီဂတ်ဟာ အမ်မရိတ် ဖလား ထိပ်တိုက်တွေ့ဆုံမှု မတိုင်ခင် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် အသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ သူက နိုင်ငံကို ဦးဆောင်သလို ကလပ်ကိုလည်း ခေါင်းဆောင်နိုင်ပြီလို့ ဆိုလိုတာပါ။ ကွင်းလယ်ဖန်တီးရှင်ဟာ ၂၃ နှစ်သာ ရှိနေပေမဲ့ သူ့ရဲ့ အသက်အရွယ်ထက် ပိုပြီး ရင့်ကြပ်မှုနဲ့ ခေါင်းဆောင်နိုင်စွမ်းကို ဆက်လက် ပြသနိုင်ခဲ့ပါတယ်။

ဆီးဗီးလားနဲ့ ပွဲစဥ်မှာ အိုဒီဂတ်ဟာ ပုံမှန် နံပါတ် ၁၀ နေရာမှာ ပါဝင်လာခဲ့ပြီး ကွင်းလယ်မှာ ခြေစွမ်းပြသခဲ့ပါတယ်။သူဟာ ဆာကာရဲ့ အဖွင့်ဂိုးမှာ အရေးပါခဲ့ပြီး သူ့ရဲ့ အသင်းဖော်နဲ့ အကောင်းဆုံး တွဲဖက်ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဂန်းနား အသင်းခေါင်းဆောင် အသစ်ကတော့ သူ့အသင်းဖော်တွေနဲ့ တွဲဖက် ကစားနိုင်တာကြောင့် ဝမ်းသာနေမှာဖြစ်ပြီး ဧည့်သည်အသင်းကို အမှားများစွာ ဖြစ်စေခဲ့ပါတယ်။

၃ ယောက်တွဲ ခံစစ်။ ။ သတင်းစာခေါင်းစည်းတွေက အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကို အာရုံစိုက်နေချိန် အာတီတာရဲ့ ခံစစ်ကလည်း ဆီးဗီးလား အသင်းအပေါ် နိုင်ပွဲရရှိမှုမှာ အကောင်းဆုံး လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဂန်းနားနည်းပြက စပိန်ကလပ်နဲ့ ပွဲစဥ်မှာ ခံစစ် ၃ ယောက်နဲ့ ပွဲထွက်စေခဲ့ပြီး ဆာလီဘာက သူ့ရဲ့ ဘေးဘယ်ညာမှာ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်တို့နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။

ဆီးဗီးလားအတွက် တိုက်စစ်ပိုင်းမှာ ဖိထားနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းကလည်း ပြသနာဖြစ်တာ နည်းပါတယ်။ ဒီ ခံစစ် ၃ ယောက်တန်းက ဆာကာနဲ့ ဇင်ချန်ကိုတို့ကို တောင်ပံတွေမှာ ကောင်းကောင်း အလုပ်ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ အာတီတာက ခံစစ် ၄ ယောက်တန်းကို အသုံးပြုခဲ့ပေမဲ့ လာလီဂါ အသင်းနဲ့ ပွဲစဥ်မှာ သူ့ရဲ့ ကစားကွက်ဟာ သူ့ရဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ယောက် စာရင်းထဲက တစ်ခုဖြစ်နိုင်ပါတယ်။

ဒီ နိုင်ပွဲက ဘယ်လောက် အထင်ကြီးစရာကောင်းသလဲ?။ ။ ဆီးဗီးလား အသင်းဟာ အက်စ်တွန်ဗီလာနဲ့ ဘာစီလိုနာတို့ကို အသီးသီး ပြောင်းရွှေ့ခဲ့တဲ့ ဒီရေဂိုကော့စတာနဲ့ ဂျူးလ်ကွန်ဒေတို့ရဲ့ ကျေးဇူးကြောင့် ဒီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ ခံစစ်ပိုင်းဟာ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ ဧည့်သည်အသင်းအတွက် နားဗက် ၊ ရာကီတစ် လာမယ်လာတို့လို နာမည်ရှိ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။

ကစားသမား စာရင်း ထွက်လာချိန် အာဆင်နယ်က ဂိုးပြတ်နိုင်လိမ့်မယ်လို့ အနည်းငယ်က တွေးခဲ့ကြပြီး အများစုကတော့ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲစဥ်ဖြစ်လိမ့်မယ်လို့ သံသယဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့သလို အာဆင်နယ်ရဲ့ အဆက်မပြတ် ဖိအားပေးမှုနဲ့ သူတို့ရဲ့ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားမှုတွေက မြင့်တက်လာခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီ အဆင့် ၄ ဝင်ရောက်ခွင့် ဆုံးရှုံးခဲ့တဲ့အမှားကို ပြုပြင်လိုတဲ့ ဆန္ဒရှိကြောင်း သက်သေပြခဲ့ပါတယ်။

အမ်းမရိတ် အမှတ်တရများ။ ။ အာဆင်နယ်နဲ့ ဆီးဗီးလား ပွဲစဥ် မစတင်ခင် ၂၀၁၉ ခုနှစ်မှာ ကားတိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဂျို့စ်အန်တိုနီယိုရီးရက်ကို လေစားမှု ပြသခဲ့ပြီး ချက်ချင်းဆိုသလို ခံစားချက် အသက်ဝင်လာတဲ့ ပတ်ဝန်းကျင် ဖြစ်လာခဲ့ပါတယ်။ ပါရမီရှင် တောင်ပံကစားသမားဟာ ၂၀၀၄ ခုနှစ်မှာ ဂန်းနားကို မပြောင်းရွှေ့ခင် ဆီးဗီးလားမှာ ကစားခဲ့တာပါ။

ပွဲစဥ်မစတင်ခင် အသင်း ၂ သင်းဟာ အာဆင်နယ်နဲ့ ဆီးဗီးလားမှာ ကစားခဲ့တဲ့ နံပါတ် ၉ ၊ ၁၀ ပိုင်ရှင် ရီးရက်ရဲ့ နာမည်ပါတဲ့ ဂျာစီတွေကို လဲလှယ်ခဲ့ကြပါတယ်။ စပိန်သားရဲ့ နာမည်ပါတဲ့ ဂျာစီကို အမ််းမရိတ် အဝတ်လဲခန်းထဲမှာလည်း ချိတ်ဆွဲထားခဲ့ပါတယ်။ ၉ မိနစ်မြောက်မှာ တစ်မိနစ်လောက် သြဘာပေးခဲ့ကြပါတယ်။ ၁၉၇၉ ခုနှစ်မှာ အက်ဖ်အေဖလား ယူနိုင်ခဲ့တဲ့ ဂန်းနားနည်းပြဟောင်း တယ်ရီနေးကို ချီးကျူးဂုဏ်ပြုမှုတွေ ရှိခဲ့ပါသေးတယ်။