တော့တင်ဟမ် အသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး မမ်းဖစ်ဒီပေးကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူဖို့ ဆန္ဒရှိပေမယ့်လည်း ဘာကာကသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ ကတ္တာလန်ကလပ်ဟာ ဘိုင်ယန်မြူးနစ်က ရောဘတ်လီဝန်ဒေါစကီးနဲ့ လိဒ်စ်က ရာဖင်ဟာတို့ကို ခေါ်ယူခဲ့ပြီးနောက် ဒီနွေရာသီမှာ အသင်းသစ်ရှာဖို့ ဒီပေးကိုပြောထားပြီး ဖြစ်ပါတယ်။ ပိုလန်သားကလည်း နူးကမ့်ကိုရောက်ရင် ဒီပေးရဲ့ ကျောနံပါတ် ၉ ကိုပဲ ဝတ်ဆင်ဖွယ်ရှိတာကြောင့် နယ်သာလန်သားအနေနဲ့ အရောင်းစာရင်းထဲ အလိုလိုရောက်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ တော့တင်ဟမ် တစ်သင်းသာ ဒီပေးကိုဆက်သွယ်ပါသေးတယ်။ SPORT သတင်းစာရဲ့ အဆိုအရတော့ နည်းပြ အန်တိုနီယိုကွန်တီရဲ့ အသင်းဟာ ၂၈ နှစ်သားကို ပေါင် ၁၇ သန်းနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းပေမယ့် ဘာစီလိုနာကတော့ တိုက်စစ်မှူးရဲ့တန်ဖိုးကို ပေါင်သန်း ၂၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တော့တင်ဟမ်ရဲ့ ဒီပေးကို ပထမဆုံး ချဉ်းကပ်မှုကတော့ ပြင်သစ်ခံစစ်မှူး ဆလီမန်လန်ဂ်လက်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ဆွေးနွေးစဉ်ကတည်းက ဖြစ်ပါတယ်။

လက်တလောမှာ ဒီပေးက နည်းပြဇာဗီရဲ့ ပထမအသင်း အစီအစဉ်တွေမှာ ပါဝင်နေဆဲဖြစ်ပေမယ့် အသင်းက အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်တာကြောင့် အခြေအနေတွေက ချက်ချင်းပြောင်းလဲသွားနိုင်ပါတယ်။ ဒီတစ်ပတ်ထဲမှာတင် လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာတို့ရဲ့ အပြောင်းအရွှေ့တွေကို အတည်ပြုခဲ့ပြီး အူစမာနီဒမ်ဘီလီကိုလည်း စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် လာမယ့်နှစ်မှာတော့ ဒီပေးအနေနပြ သေချာပေါက် နေရာရဖို့ ခက်ခဲသွားဖွယ် ရှိပါတယ်။

နယ်သာလန်သားကတော့ စပိန်မြေမှာပျော်ရွှင်နေပြီး လက်ရှိစာချုပ်ကလည်း တစ်နှစ်ကျန်ရှိသေးတာကြောင့် လန်ဒန်ကလပ်ကို ပြောင်းမပြောင်းဆိုတာ မသေချာသေးပါဘူး။ ပရီးမီးယားလိဂ်ကလပ်ဘက်ကတော့ ဒီပေးကို ဒီနွေရာသီမှာ ရစ်ချာလီဆန်၊ ဘီဆူးမား၊ ပါရီဆစ်၊ ဖရေဆာဖော်စတာ၊ လန်ဂ်လက်တို့ရဲ့နောက် ၆ ယောက်မြောက်ကစားသမားသစ်အဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် မစ်ဒယ်ဘရော့နောက်ခံအစွန်လူ ဒီဂျက်စပန့်စ်ကိုလည်း ပေါင် ၁၂.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့လုပ်နေပြီး ကစားသမားက သောကြာနေ့ကပဲ ဆေးစစ်မှုရော၊ အသင်းဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးရော လုပ်ပြီးနေပါပြီ။

တစ်ဖက်မှာလည်း တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းက ပြီးခဲ့တဲ့နှစ်တွေက ဆုဖလားလက်မဲ့ဖြစ်နေတာတွေကို ကွန်တီနဲ့ ကစားသမားသစ်တွေ ရောက်လာမှုနဲ့အတူ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ တော့တင်ဟမ်ဟာ ၂၀၀၈ ခုနှစ်က ကာရာဘောင်ဖလား ရယူနိုင်ခဲ့တာဖြစ်ပြီး အဲ့နောက်ပိုင်းကတည်းက အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပဲ လုနေရတာဖြစ်ပါတယ်။ ကိန်းဟာ လိဂ်နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး တော့တင်ဟမ်အသင်းကို ဥရောပဝင်ခွင့်ရရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ တော့တင်ဟမ်အတွက် ပြီးခဲ့တဲ့ရာသီက ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါအရေအတွက်ဟာ ကိန်းအတွက် ၈ ရာသီအတွင် ဂိုးအနည်းဆုံး သွင်းနိုင်တဲ့ရာသီဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကွန်တီဟာ အခုနွေရာသီမှာ ကစားသမား ၅ ဦး ခေါ်ယူထားခဲ့ပြီး ဖရေဆာ၊ ဘစ်ဆူးမား၊ ပါရီဆစ်၊ ရစ်ချာလီဆင်နဲ့ လန်ဂလက်ဂျ်တို့ကို ခေါ်ယူထားခဲ့ပါတယ်။ “အသင်းဘက်ကနေ ကြည့်မယ်ဆိုရင် ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ အမြဲတမ်းပစ်မှတ်ထားပါတယ်။ လက်ရှိအချိန်မှာ အသင်းမှာ ကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်နေပြီလို့ မြင်ပါတယ်။ နှစ်တွေအတော်ကြာတဲ့တိုင် ကျွန်တော်တို့လက်မလျှော့သေးပါဘူး။ ဒီနည်းပြ ဒီလူအင်အားနဲ့ ကောင်းမွန်တဲ့တစ်ခုခုလုပ်နိုင်မယ်လို့ ထင်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

ကွန်တီရဲ့တော့တင်ဟမ် အသင်းဟာ ကေလိဂ်အသင်းကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဂျပန်မြေမှာတော့ ဆီဗီလာအသင်းကို ၁-၁ သရေသာ ကန်နိုင်ခဲ့ပါတယ်။ ရစ်ချာလီဆင်တော့ အဆိုပါ ၂ ပွဲ စလုံးမှာ ပါဝင်ကစားခဲ့ပြီး တိုက်စစ်ပိုင်းမှာ ကူလူဆက်စကီး၊ ဆွန်ဟောင်မင်၊ ကိန်းတို့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်ဟာ အခုတိုက်စစ်ပိုင်းမှာ အသစ်ရောက်လာတဲ့ ရစ်ချာလီဆင်နဲ့ အားပြိုင်ရဖို့ များနေပါတယ်။ “ပြိုင်ဆိုင်မှုတွေရှိတာက အမြဲတမ်းကောင်းပါတယ်။ မင်းအနေနဲ့ တိုးတက်ဖို့ဆိုရင် အခုလိုမျိုး ပြိုင်ဆိုင်မှုရှိနေဖို့လိုပါတယ်။ ကျွန်တော်တို့ အလှည့်ကျ ဒါမှမဟုတ် မတူညီတဲ့ ဘောလုံးဒဿနတွေ ဖျော်ဖြေပေးနိုင်ပါတယ်။”

“ရစ်ချာလီဆင်လိုကစားသမားမျိုးရလိုက်တာက အသင်းအတွက်ကောင်းပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ၄ ရက်လောက်ပဲသူနဲ့ဆုံရသေးပေမယ့် အခုဆို သူငယ်ချင်း အရင်းကြီးတောင်ဖြစ်နေပါပြီ”လို့ ဆွန်ဟောင်မင်က ပြောကြားခဲ့ပါတယ်။ ဆွန်ဟောင်မင်က လာမယ့်ရာသီမှာလည်း နောက်ထပ်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကိန်းကတော့ မန်စီးတီးကိုပြောင်းမယ်ဆိုပြီး သတင်းတွေထွက်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပထမဆုံး ၈ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သေးတာဖြစစ်ပါတယ်။ “သူနဲ့ ပြီးခဲ့တဲ့ရာသီက အခြေအနေကိုပြောဖြစ်ခဲ့ပါတယ်။ ရာသီအစဂိုးတွေ မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သံယယရှိဖို့ မလိုပါဘူး။ သူက ကျွန်တော့်အတွက်တော့ အကောင်းဆုံး ကစားသမားတစ်ဦးပါ။ သူက အလုပ်အရမ်းကြိုးစားပြီး တစ်ကိုယ်ကောင်းမဆန်တတ်တဲ့ ကစားသမားမျိုးပါ”လို့ ဆွန်ဟောင်မင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။