မန်ချက်စတာစီးတီးအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲက အရှုံးကို ပြန်လည်ဖာထေးနိုင်ဖို့ ပရီးမီးယားလိဂ်ကို အာရုံစိုက်ပြင်ဆင်လာခဲ့ပြီး အီဒါဆန်၊ ကန်ဆယ်လို၊ ဇင်ချန်ကို၊ ရူဘင် ဒီယက်စ်၊ လာပေါ့တ်တို့နဲ့ ခံစစ်ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ စတာလင်၊ ဂရီးလစ်ရှ်နဲ့ ဂျေဆူးစ်တို့ ပွဲထွက်လာခဲ့ကြပါတယ်။

နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ လာဆဲလက်စ်၊ ဒန်ဘန်း၊ ခရတ်ဖ်နဲ့ တားဂက်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်ကိုတော့ ဂျိုလင်တန်၊ ဘရူနို ဂီမာရိုင်းစ်၊ ရှောင် လောင်းစတပ်ဖ်တို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ စန်မက်ဇီမန်၊ အယ်လ်မီရွန်နဲ့ ခရစ္စဝုဒ်တို့ကို နည်းပြ အက်ဒီဟောင်းက အသုံးပြုလာခဲ့တာပါ။ ပွဲချိန် ၅ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကန်ချက်က လူတံတိုင်းကျော်ပြီး တိုင်ဘေးက ထွက်သွားခဲ့သလို ပွဲချိန် ၈ မိနစ်မှာတော့ မန်စီးတီးနောက်တန်းရဲ့ ဘယ်ခြမ်း အားနည်းမှုကနေ ပျာယာခတ်ပြီး စန်မက်ဇီမန်ရဲ့ ဖြတ်တင်ဘောကို ခရစ္စဝုဒ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကို ခပ်ပျော့ပျော့ပဲ ရောက်သွားခဲ့လို့ နယူးကာဆယ်လ်တို့ နစ်နာခဲ့ကြတာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂွန်ဒိုးဝမ် ကန်တင်ပေးတာကို ညာခြမ်းကနေ ခေါင်းတိုက်ချပေးခဲ့တဲ့ ကန်ဆယ်လိုရဲ့ တိကျတဲ့ ပေးပို့မှုကနေ ရီးရဲလ်နဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ စတာလင်က အနီးကပ် ခေါင်းတိုက်ပြီး အိမ်ရှင်တွေကို ဦးဆောင်စေခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ ထောင့်ကန်ဘောကနေ နယူးကာဆယ်လ်တို့အတွက် ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ တိုက်စစ်မှူး ခရစ္စဝုဒ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂျိုလင်တန် တစ်ဦးတည်း လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရသလို မန်စီးတီးဘက်ကတော့ ကန်ဆယ်လို၊ ဂွန်ဒိုးဝမ်နဲ့ ဂျေဆူးစ်တို့က အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ကျလာတဲ့ ဘောလုံးကို ဂွန်ဒိုးဝမ် ကန်ရာမှာ ဂိုးသမား ဒူဘရက်ဗ်ကာ တားဆီးနိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဒီယက်စ်ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ရာမှာတော့ ပြန်ထွက်လာတဲ့ ဘောလုံးကို လာပေါ့တ်က ထပ်ဆင့်ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပြီး ဒီပွဲမှာတော့ ဂျေဆူးစ်ရဲ့ ကစားပုံ မဆိုးပေမယ့် နယူးကာဆယ်လ်နောက်တန်းက လာဆယ်လက်စ်ကို ဘော်ဒီချင်း မယှဉ်နိုင်ခဲ့လို့ ရုန်းကန်ခဲ့ရသလို ဒုတိယပိုင်းအစမှာတော့ နည်းပြ ဂွါဒီယိုလာအနေနဲ့ ရူဘင် ဒီယက်စ်ကို အနားပေးပြီး ဖာနန်ဒင်ညိုနဲ့ လူစားလဲသွားခဲ့တာပါ။ ဒုတိယပိုင်း ပွဲချိန် ၆၁ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ဒီဘရိုင်းနား ကန်ပို့တဲ့ ဘောလုံးကို ကွင်းလယ်လူ ရိုဒရီက သူ့ကို မာကင်ကပ်ထားတဲ့ နယူးကာဆယ်လ်ကစားသမားကို ခွာထွက်ပြီး အနီးတိုင်ဘက်ကနေ ခေါင်းတိုက်သွင်းခဲ့ရာမှာ ဂိုးသမား ဒူဘရက်ဗ်ကာ မကာကွယ်နိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ ဂျေဆူးစ်အစား ဖိုဒန်ကို လဲကစားသွားခဲ့ပြီး နယူးကာဆယ်လ်ဘက်ကတော့ ခရစ္စဝုဒ်အစား ဝီလ်ဆန်၊ ခရတ်ဖ်အစား ထရစ်ပီယာနဲ့ အယ်လ်မီရွန်အစား မာဖီတို့ကို လဲကစားသွားခဲ့ပြီး ပွဲပြီးခါနီးမှာတော့ အိမ်ရှင်တွေဘက်က နောက်ခံလူ လာပေါ့တ်ကို အနားပေးပြီး လူငယ်ကစားသမား အီဂန်-ရိုင်လီကို ထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ အိမ်ရှင် မန်စီးတီးတို့ စတုတ္ထဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံသမား ဂရီးလစ်ရှ်က အတွင်းချိုးပေးတာကို နောက်က ပါလာတဲ့ ဇင်ချန်ကိုက ဂိုးရှေ့ကို ထိုးပေးရာမှာ နယူးကာဆယ်လ်နောက်ခံလူ နှစ်ယောက်ကြားကနေ ဖိုဒန်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ မန်စီးတီးတို့ပဲ လက်တစ်ဖက်စာ ပြည့်စေမယ့် ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ ဝမ်းတူးရိုက်ထွက်ပြီး အတွင်းကို ပြန်ဆွဲဝင်သွားခဲ့တဲ့ ဂရီးလစ်ရှ်က ချပေးတာကို အောက်ကို အာရုံစိုက်နေတဲ့ ဂိုးသမား ဒူဘရက်ဗ်ကာရဲ့ အပေါ်ကနေ စတာလင်က အမြင့်ဘော ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့ ငါးဂိုး-ဂိုးမရှိနဲ့ နယူးကာဆယ်လ်ကို ဂိုးပြတ်ချေမှုန်းခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်နဲ့ပွဲက အရှုံးအတွက် ပေါက်ကွဲ ပြသွားခဲ့ကြသလို စနေနေ့က လီဗာပူးလ်ရဲ့ သရေကျမှုကို အကောင်းဆုံး အခွင့်အရေးယူပြီး ပွဲစဉ် ၃၅ အပြီး သုံးပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ သုံးမှတ် ပြန်ဖြတ်လိုက်ပြီး ဝုလ်ဗ်စ်၊ ဝက်စ်ဟမ်း၊ ဗီလာတို့နဲ့ လွယ်ကူနေတဲ့ လက်ကျန်ပွဲစဉ်တွေအရ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲဖို့ နီးစပ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။