ဘာစီလိုနာအသင်းရဲ့ ကစားသမားခေါ်ယူရေးအဖွဲ့ဟာ လူကာကူအပါအဝင် ချဲလ်ဆီးအသင်းထံမှ ကစားသမားခေါ်ယူနိုင်ရေးအတွက် လန်ဒန်ကို လေယာဉ်နဲ့ ထွက်ခွာသွားပြီလို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိရာသီမှာ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်အသင်းထက် ၁၅ မှတ် အကွာမှာရှိနေလို့ သူတို့အသင်းရဲ့ အင်အားကို လာမယ့်နွေရာသီမှာ ဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။

စပိန်သတင်းတွေအရတော့ ဘာစီလိုနာအသင်းရဲ့ ဘောလုံးဒါရိုက်တာ မက်တယ်ယူအယ်လီမနီနဲ့ နည်းစနစ်ဆိုင်ရာ အတွင်းရေးမှူး ဂျော်ဒီခရိုက်တို့ဟာ လန်ဒန်ကို မကြာခင်က သွားရောက်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ကစားသမားသုံးယောက်ကို ခေါ်ယူနိုင်ဖို့ သွားခဲ့တယ်လို့ ဆိုထားပါတယ်။ ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းကနေ ရာသီကုန်လျှင် စာချုပ်သက်တမ်းကုန်ဆုံးလျှင် ထွက်ခွာမယ့် အက်စ်ပီလီကွီတာနဲ့ မားကိုစ့်အလွန်ဆိုတို့ကို ခေါ်ယူဖို့ နီးစပ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ထိုကစားသမားနှစ်ယောက်ကို ခေါ်ယူနိုင်ဖို့ သတင်းတွေထွက်နေတာကြာမြင့်နေပြီ ဖြစ်ပေမယ့် တရားဝင် စာချုပ်ချုပ်ဆိုပြီးစီးခြင်းတော့ မရှိသေးပါဘူး။ ထို့အတူ အယ်လီမနီနဲ့ ခရိုက်တို့ဟာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကို ပေါင် ၉၇ သန်းခွဲနဲ့ ခေါ်ယူနိုင်ဖို့ပါ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ လူကာကူဟာ ချဲလ်ဆီးအသင်းထံပြန်လည်ရောက်ရှိလာကထဲက ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေခဲ့ရပါတယ်။ ငွေကြေးကြပ်တည်းနေတဲ့ ဘာစီလိုနာကတော့ ကစားသမားကို မြင့်မားတဲ့ လစာငွေပေးချေနိုင်ဖို့ တော့ ခက်ခဲနေပါတယ်။

လူကာကူဟာ ချဲလ်ဆီးတိုက်စစ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ဖို့ ပုံစံကောင်းတွေပျောက်ဆုံးနေတာပါ။ ဘယ်လ်ဂျီယံသားဟာ ဒီရာသီ အသင်းအတွက် ပွဲ ၄၀ ကစားပေးထားပြီး ၁၂ ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။ ထိုအထဲက ၂ ဂိုးကတော့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာပါ။ ဒီ ၂၈ နှစ်သားရဲ့ လန်ဒန်အသင်းနဲ့ အနာဂတ်ဟာ ယိုင်နဲ့နဲ့ ဖြစ်နေတာက ပြီးခဲ့တဲ့ ဒီဇင်ဘာလက အင်တာဗျူးမှာ အသင်းဟောင်း အင်တာမီလန်ကို ပြန်ချင်တယ်လို့ ဖြေကြားပြီးကထဲက ဖြစ်ပါတယ်။ သူက အင်တာဗျူးမှာ

“အကယ်၍ပြီးခဲ့တဲ့ နွေရာသီမှာ အင်တာမီလန်အသင်းဘက်ကသာ ကျွန်တော်မျှော်လင့်သလို စာချုပ်သစ်ကမ်းလှမ်းလာခဲ့လျှင် ကျွန်တော်ဒီမှာ အင်တာဗျူးဖြေနေရမှာမဟုတ်ပဲ မီလန်မှာ အင်တာဗျူးတွေ ဖြေနေရမှာပါ။ အဲ့ဒါကြောင့် ကျွန်တော်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော်ဟာ အင်တာမီလန်မှာပဲ ဆက်နေချင်ခဲ့ပါတယ်။ ဆွေးနွေးစရာတောင် မလိုပါဘူး။ ကျွန်တော်အတွေးထဲမှာ မီလန် မီလန် မီလန်ဆိုတာပဲ ရှိပါတယ်။ အင်တာမီလန်ပရိတ်သတ်တွေဟာ ကမ္ဘာ့အကောင်းဆုံး ပရိတ်သတ်တွေပါ။ မီလန်မြို့ကိုချစ်သလို့ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မီလန်မှာ ကစားခဲ့တာကိုလဲ အမှတ်ရနေမှာပါ။ ” လို့ လူကာကူက ဖြေကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းဟာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၁ သန်းနဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင် ဆီဇာအက်စ်ပီကျူတာကို နှစ်နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ အက်စ်ပီကျူတာဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်းကထွက်ခွာဖို့ နီးစပ်ခဲ့ပြီး အသင်းကစာချုပ်သက်တမ်းတစ်နှစ်တိုးခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဆယ်စုနှစ် တစ်ခုအကြာကစားခဲ့တဲ့ အသင်းထံကနေ ထွက်ခွာတော့မှာပါ။

အက်စ်ပီလီကွီတာဟာ အသင်းရဲ့နောက်တန်းကစားဖော်တွေဖြစ်တဲ့ အန်တိုနီရို ရူဒီဂါ၊ အန်ဒရီ ခရစ္စတန်ဆန် တို့လိုပဲ ရာသီကုန်လျှင် အသင်းက ထွက်ခွာတော့မှာပါ။ နည်းပြ သောမတ်တူချယ်အနေနဲ့ကတော့ အသင်းရဲ့ နောက်တန်းကို ပြန်လည် တည်ဆောက်ဖို့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာနေပါတယ်။ AS သတင်းအရ အက်စ်ပီကျူတာဟာ ဘာစီလိုနာအသင်းနဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၁သန်း (ယူရို ၁၃ သန်း) နဲ့ သဘောတူညီမှု ရရှိထားတယ်လို့ ဆိုပါတယ်။ ယခုစာချုပ်မှာ တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်လဲ ပါဝင်မှာ ဖြစ်ပါတယ်။

ယခု သဘောတူညီမှုသတင်းဟာ ချဲလ်ဆီးအသင်းကို တော့ဘိုလေ အုပ်စုမှ ပေါင် ၄.၂၅ ဘီလီယံနဲ့ အသင်းကို ဝယ်ယူခွင့်ရရှိပြီးပြီဆိုတြဲ အတည်ပြုချက်နောက် ထွက်ပေါ်လာခဲ့တာပါ။ ဘိုလေနဲ့ ပူးပေါင်းအဖွဲ့ကို အမေရိကန် ဘဏ်အုပ်စု ရန်နီးအုပ်စုကနေ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ သင့်တော်တယ်လို့ ဆုံးဖြတ်ပြီးဝယ်ယူခွင့်ပေးခဲ့တာပါ။ ဘိုလေအုပ်စုဟာ Dodgers ပိုင်ရှင် မတ်ဝေါ်တာနဲ့ ဆွစ်ဇလန်ဘီလီယံသူဌေး ဟန်းဂျော့ဝင်းစ် ၊ ထို့အတူ ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်း ကလီးယားလိတ် တို့နဲ့ အတူ ပူးပေါင်းကာ ချဲလ်ဆီးအသင်းကို ဝယ်ယူတာလဲ ဖြစ်ပါတယ်။

ဘိုလေအုပ်စုဟာ ချဲလ်ဆီးအသင်းကို စတီဖင် ပက်လူကာ ၊ ဆာမာတင်ဘရော်တန်နဲ့ ဗြိတိသျှသူဌေး ဆာဂျင်ရဖ်ကလစ်တို့ရဲ့ ပေါင် ၄.၂၅ ဘီလီယံနဲ့ နောက်ကျမှ ကမ်းလှမ်းချက်တို့နဲ့ အပြိုင် အသင်းကိုဝယ်ယူခဲ့ရတာပါ။ အက်စ်ပီကျူတာဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို ဆုံးဖြတ်ဖို့ အတွက် စောင့်ဆိုင်းနေပြီး အသင်းကတော့ ဇွန်မှာသက်တမ်းကုန်မယ့် စာချုပ်ကို တစ်နှစ်သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းပိုင်ရှင်ဟောင်း အီဗရာမိုဗစ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်ဆိုပြီး ဗြိတိန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် အသင်းအပေါ်လဲ ပိတ်ဆို့မှုတွေခံထားရပါတယ်။ ဒါကြောင့် အက်စ်ပီကျူတာအနေနဲ့ မစွန့်စားပဲ ရာသီကုန်လျှင် အသင်းမှာ ပိတ်ဆို့ခံရမှု ရှိရှိ မရှိရှိ အသင်းက ထွက်ခွာသွားတော့မှာပါ။ Mundo Deportivo သတင်းအရ အက်စ်ပီကျူတာဟာ ဘာစီလိုနာနည်းပြဇာဗီရဲ့ အသင်းနောက်တန်းပြုပြင်ပြောင်းလဲရေးအတွက် ဦးစားပေး ခေါ်ယူလိုနေတဲ့ ကစားသမားဖြစ်ပြီး အကယ်၍ လိုအပ်လျှင် ချဲလ်ဆီး အသင်းပိုင်ရှင်နဲ့ပါ ကစားသမားကို ဝယ်ယူဖို့ ဆွေးနွေးဖို့အထိရှိနေပါတယ်။

နည်းပြ သောမစ်တူချယ်ကတော့ ကစားသမားကို အသင်းမှာ ဆက်ရှိနေစေချင်နေတဲ့ အကြောင်းကို ပြောကြားထားခဲ့ပါတယ်။ “ဒါတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကစားပွဲအများကြီးကို သိထားပြီးသားပါ။ ဒါတွေက ကောင်းတဲ့အရာတွေ ကောင်းတဲ့ သတင်းတွေပါ။ သူအသင်းမှာဆက်ရှိဖို့ အများကြီး ဖြစ်နိုင်ချေရှိပါတယ်။ “လို့ ဆိုပါတယ်။

အက်စ်ပီကျူတာဟာ အသင်းမှာ ၄၆၃ ပွဲကစားခဲ့ကာ ၅၆ ကြိမ် ဂိုးဖန်တီးပြီး ၁၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ကစားပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ပရီးမီးယားလိဂ် ၊ FA ဖလား ၊ EFL ဖလားနဲ့ ကမ္ဘာ့ ကလပ်ဖလားတို့ကို ရယူထားနိုင်ခဲ့ပါတယ်။