ပင်နယ်တီအဆုံးအဖြတ်ရဲ့ နောက်ဆုံးအဆုံးအဖြတ်ဖြစ်သွားတဲ့ ဝင်းနားပင်နယ်တီကို ကွန်စတန်တီနိုဆီမီးကတ်စ်ကဝင်အောင်သွင်းလိုက်ပြီး အက်ဖ်အေဖလားဖိုင်နယ်မှာ ချယ်လ်ဆီးတို့ကိုလီဗာပူးတို့အနိုင်ရလိုက်တာကြောင့် မကြုံဖူးသေးသောဖလားလေးလုံးမျှော်လင့်ချက်ကို လီဗာပူးတို့ဆက်လက်အသက်ဆက်ထားနိုင်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးတို့က နှာတဖျားအသာနဲ့အနိုင်ရသွားတဲ့အခါ ဒီနှစ်အစောပိုင်းတုန်းက ကာရာဘောင်ဖလားဖိုင်နယ်နဲ့ ဆင်တူညီတဲ့မြင်ကွင်းတွေပဲ de javu ထပ်ခံစားခဲ့ကြရပြန်ပါတယ်။ အခွင့်အရေးပေါင်းများစွာကို နှစ်ဘက်အသီးသီးဖြုန်းခဲ့ကြပြီး ဂိုးမဲ့သရေ ၁၂၀ မိနစ်လုံးလုံးမှာ နှစ်သင်းကြားဘယ်အရာကမှ နောက်တခါမခွဲခြားနိုင်ခဲ့ပြန်တာဖြစ်ပါတယ်။

နှစ်သင်းကြားမှာ ကန်သွင်းချက်ပေါင်း ၂၇ ကြိမ်ရှိခဲ့ပြီး လီဗာပူးတို့က ၁၇ ကြိမ်၊ ချယ်လ်ဆီး ၁၀ ကြိမ်ဖြစ်ပါတယ်။ အချိန်ပိုမကန်ရခင်မှာ မွဲတိုင်ထိတဲ့အဖြစ်တွေ နှစ်သင်းလုံးမှာရှိခဲ့ပါတယ်။ အချိန်ပိုကတော့ ပင်နယ်တီရောက်ဖို့ တားမရတော့ဘူးဆိုတာကိုခံစားမိစေတဲ့ အပြုအမူမျိုးနဲ့ကစားခဲ့ကြတာဖြစ်ပါတယ်။ တကယ်တမ်းပင်နယ်တီရောက်လာတဲ့အခါမှာတော့ ချယ်လ်ဆီးတို့ကအရင်ကန်ရပြီး ဒုတိယပင်နယ်တီသွင်းတဲ့ အက်စ်ပလစ်ကွစ်တာရဲ့အလှည့် ဂိုးမဝင်ချိန်ကစလို့ လီဗာပူးတို့အတွက် ပထမဆုံးအားသာချက်ကိုစပေးခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ်ဖြစ်သွားတဲ့ လီဗာပူး ၅ လုံးမြောက်ကိုသွင်းသူ ဆာဒီယိုမာနေးရဲ့ပင်နယ်တီကို မန်ဒီကကာကွယ်လိုက်တာကြောင့် ၅လုံးတဆက်မှာ လယ်ဗယ်ဖြစ်သွားပြန်ပါတယ်။

မာနေးရဲ့ဂိုးမဝင်တဲ့အခါ ချယ်လ်ဆီးမန်နေဂျာတူချယ်က ဒူးထောက်ထိုင်ချပြီး ဝင်ဘလေမြက်ခင်းကိုထုရိုက်အောင်ပွဲခံနေတာကို မြင်ခဲ့ကြရပါတယ်။ မဝင်အရှုံးပင်နယ်တီတလုံးစီကန်ရတဲ့အခါ ပထမတကြိမ်မှာ ဟာကင်းဇီးယက်ချ်နဲ့ ဒီယိုဂိုဟိုတာတို့ ဂိုးဝင်ကြပြီး ဒုတိယအချီမှာတော့မေဆန်မောင့်ရဲ့ပင်နယ်တီကို အယ်လစ်ဆန်ဘက်ကာက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လီဗာပူးတို့ရဲ့ ဂရိစကောက်ဆာဆီမီးကတ်စ်ရဲ့ဂိုးဝင်သွားချိန်မှာတော့ ဝင်ဘလေပွဲကြည့်စင်ပေါ်မှာရော ကွင်းထဲမှာပါ အောင်ပွဲခံမှုတွေ ဝုန်းဒိုင်းကြဲသွားခဲ့ပြီး လီဗာပူးဖန်တွေမေ့ပျောက်ဖို့ ခက်ခဲဦးမယ့်အချိန်အခါတခုဖြစ်ခဲ့ပါတယ်။ ဒီနှစ်အက်ဖ်အေဖလားပြိုင်ပွဲဟာ အနှစ် ၁၅၀ ပြည့်ဆင်နွှဲနေတာဖြစ်လို့ သမိုင်းဝင်ဖိုင်နယ်တခုဖြစ်ပြီး ထူးခြားချက်တွေလည်းများပြားပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ကတော့ တူညီတဲ့အင်္ဂလိပ်အသင်းတသင်းတည်းနဲ့ အင်္ဂလိပ်ထိပ်တန်းလိဂ်ချန်ပီယံဆု၊ ယူရိုပီယံ/ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလား အားလုံးကိုအနိုင်ရတဲ့ နှစ်ဦးတည်းသောနဲ့ ဒုတိယမြောက်မန်နေဂျာဖြစ်လာခဲ့ပါတယ်။ သူ့ရှေ့ကစီနီယာကတော့ မန်ချက်စတာယူနိုက်တက်တို့နဲ့ရခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ပါ။ ချယ်လ်ဆီးတို့ကတော့ အက်ဖ်အေဖလားသမိုင်းမှာ သုံးနှစ်ဆက်တိုက်ရှုံးတဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။။ ၂၀၂၀ အာဆင်နယ်၊ ၂၀၂၁ လက်စတာ၊ ၂၀၂၂ လီဗာပူးတို့ပါ။ သူ့ရှေမှာ ဖိုင်နယ်တက်တဲ့သုံးကြိမ်လုံးရှုံးတဲ့အသင်းကတော့ နယူးကာဆယ်ယူနိုက်တက်တို့ဖြစ်ပြီး သူတို့ကတော့ သုံးနှစ်ဆက်တိုက်မဟုတ်ပါဘူး။ ၁၉၉၄၊ ၁၉၉၈၊ ၁၉၉၉ တို့ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးတို့အတွက် အခုလိုပြည်တွင်းလိဂ်ဖလား ၂ လုံးကို တရာသီအတွင်းရတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကတော့ ၂၀၀၀-၀၁ တုန်းကဖြစ်ပါတယ်။ အဲဒီနှစ်တုန်းက ယူရိုပီယံဖလားကိုပါဆက်လက်ဆွတ်ခူးခဲ့ပါတယ်။ အက်ဖ်အေဖလားသမိုင်းမှာတော့ အာဆင်နယ် ၁၄ ကြိမ်ကအများဆုံးဖြစ်ပြီး မန်ယူ ၁၂ ကြိမ်၊ လီဗာပူးတို့ကတော့ အခုသူတို့အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးတို့နဲ့အတူ ၈ ကြိမ်ဖြစ်သွားခဲ့ပါပြီ။ လီဗာပူးကပ္ပတိန်ဂျော်ဒန်ဟန်ဒါဆန်ကတော့ လီဗာပူးသမိုင်းမှာ ကလပ်အဆင့်ရနိုင်သမျှဖလားအားလုံးကို ကိုင်မြောက်အောင်ပွဲခံရတဲ့ ပထမဆုံးဂရင်းဆလမ်းကပ္ပတိန်ဖြစ်လာပါတယ်။ ချန်ပီယံလိဂ်၊ ထိပ်တန်းလိဂ်/ပရီးမီးယားလိဂ်၊ ယူအီးအက်ဖ်အေစူပါဖလား၊ လိဂ်ဖလား၊ အက်ဖ်အေဖလား၊ ကမ္ဘာ့ကလပ်ဖလားတို့ဖြစ်ပါတယ်။ အံ့မခန်းပါပဲ။

ကံဆိုးရှာသူကတော့ မေဆန်မောင့်ပါ။ သူဟာ ဝင်ဘလေမှာ ဖိုင်နယ်အမျိုးအစားစုံ ၆ ကြိမ်ကစားခဲ့ဖူးပြီး အကြိမ်တိုင်းရှုံးတဲ့ဘက်ကဖြစ်ခဲ့ရပါတယ်။ ၂၀၁၉ အီးအက်ဖ်အယ်လ်ပလေးအော့ဖ်ပွဲ၊ ၂၀၂၀ အက်ဖ်အေဖလား၊ ၂၀၂၁ အက်ဖ်အေဖလား၊ ၂၀၂၁ ယူရိုချန်ပီယံရှစ်၊ ၂၀၂၂ ကာရာဘောင်ဖလား၊ အခု ၂၀၂၂ အက်ဖ်အေဖလားတို့ဖြစ်ပါတယ်။ လီဗာပူးတို့ဟာ ချယ်လ်ဆီးတို့နဲ့ ပင်နယ်တီရှုအောက် ၄ ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး ၄ ကြိမ်လုံး သူတို့ချည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၆-၀၇ ချန်ပီယံလိဂ် ၄-၁၊ ၂၀၁၉-၂၀ ယူအီးအက်ဖ်အေစူပါဖလား ၅-၄၊ ၂၀၂၁-၂၂ ကာရာဘောင်ဖလား ၁၁-၁၀၊ ၂၀၂၁-၂၂ အက်ဖ်အေဖလား ၆-၅ တို့ဖြစ်ပါတယ်။ ရှားပါးတဲ့တိုက်ဆိုင်မှုပါပဲ။

“ထူးခွန်ပြောင်မြောက်ပါပေ့၊ ချယ်လ်ဆီးတို့နဲ့ တကယ့်ကို အံ့မခန်းဖြစ်သော၊ ပြင်းထန်သောပွဲတပွဲပါ။ ကာရာဘောင်ဖလားတုန်းကလိုပဲ ကွက်တိတူညီတဲ့နည်းလမ်းအတိုင်း အနိုင်နဲ့ ချယ်လ်ဆီးတို့လည်း ထိုက်တန်ခဲ့တာမျိုးပါ၊ ကွာခြားချက်မာဂျင်က အဲဒီလောက်ကို ကျဉ်းမြောင်းပါတယ်။ ကျနော့်ကောင်လေးတွေအတွက် ဒီ့ထက်ပိုပြီးကျနော်ဂုဏ်ယူနိုင်စရာမရှိတော့ပါဘူး၊ သူတို့အားစိုက်ထုတ်တဲ့လုပ်အား၊ ဘယ်လောက်တောင် အပြင်းအထန်သူတို့တိုက်ခိုက်ခဲ့တာ၊ စောစောစီးစီးလူစားလဲရတာတွေ။ ဗာဂျေးက အဆင်ပြေတယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ သူ့ကြွက်သားတွေနာကျင်နေခဲ့တယ်။”

“ဒီလိုကိစ္စတွေအားလုံးပဲလေ၊ အခွင့်အရေးကောင်းတွေဆုံးရှုံးတာ၊ ချယ်လ်ဆီးတို့ရဲ့အချိန်အခါကောင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တာ၊ ဒီ့နောက်တော့ ကိုယ့်အတွက်ကိုယ် တကယ်ကောင်းတဲ့အခိုက်အတံ့တွေရခဲ့ပြန်ပါတယ်။ ဒီ့နောက် ပင်နယ်တီအဆုံးအဖြတ်မှာတော့၊ ဒါက အာရုံကြောတွေတုန်လှုပ်ခြောက်ခြားရတာပါ၊ ကျနော့်လက်သည်းတွေလည်းကုန်ပြီ၊ ဒါပေမဲ့ ချယ်လ်ဆီးတို့အတွက် ကျနော်တကယ်ခံစားရပါတယ်၊ ဒုတိယအကြိမ်၊ ၁၂၀ မိနစ်ကစားရပြီး ခင်ဗျားဘာမှမရခဲ့ပြန်ဘူးလေ၊ ဒါက အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျနော်တို့အတွက်တော့ အရမ်းကိုပျော်ရွှင်ပါတယ်။”

“ကျနော်တို့က စိတ်ဓါတ်ရေးရာဘီလူးကြီးတွလေ၊ ဒါပေမဲ့ အပြာရောင်တွေထဲမှာလည်း စိတ်ဓါတ်ရေးရာဘီလူးကြီးတွေရှိခဲ့ကြပါတယ်။ ဒါက ပင်နယ်တီတလုံးလေးပါပဲ။ ချယ်လ်ဆီးတို့ ထူးချွန်ပြောင်မြောက်စွာကစားခဲ့ကြပါတယ်၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ အနိုင်ရသူက တယောက်တည်းဖြစ်ကိုဖြစ်ရမှာဖြစ်ပြီး ဒီနေ့မှာ ဒါက ကျနော်တို့ဖြစ်ခဲ့ကြပါတယ်။” လို့ လီဗာပူးဘော့စ် ယာဂင်ကလော့က ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ လီဗာပူးဂိုးသမား အယ်လစ်ဆန်ဘက်ကာကလည်း ဘီဘီစီဝမ်းကို ပွဲအပြီးမှာ အင်တာဗျူးလက်ခံခဲ့ပါတယ်။

“အမေးဇင်းပဲနော၊ တကယ့်ကိုကောင်းတဲ့ပါဖောမန့်တခုကို ကျနော်တို့လုပ်ခဲ့ကြတာပါ။ ကျနော်တို့ဂိုးမသွင်းခဲ့တာတော့ နှမြောစရာကြီးပဲ။ တကယ့်ကို ကျကျနနတိုက်ပွဲတခုပါ၊ ကျနော်တို့ ကလင်းရှိတခုထိန်းထားနိုင်ခဲ့ကြတယ်၊ အဲဒီနောက်မှာတော့ ကောင်လေးတွေက မယုံနိုင်စရာဂိုးတွေသွင်းခဲ့ကြတယ်။ ကျနော်ကတော့ နောက်ဆုံးအလုံးကို ကာကွယ်ကိုကာကွယ်မှရမှာ ဖြစ်ခဲ့ပါတယ်။ ကျနော် အရမ်းပျော်ပါတယ်။ ကျနော်ရော မန်ဒီပါ အံ့သြစရာကာကွယ်မှုတွေလုပ်ခဲ့ကြပါတယ်။ အသင်းရဲ့အကူအညီမပါဘဲနဲ့ ကာကွယ်မှုတွေ ကျနော်လုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။ သူတို့ ကောင်းကောင်းအလုပ်လုပ်ကြပြီး ကျနော့်အတွက် ပိုလွယ်ကူအောင်ဖန်တီးပေးခဲ့ကြတာပါ။” လို့ သူကဆိုပါတယ်။ သူ့ရဲ့ပင်နယ်တီကာကွယ်မှုနဲ့ပတ်သတ်ပြီး မေးတဲ့အခါ

“အဲဒါက ကောင်းတယ်မဟုတ်လား ဟေ၊ ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်ပြီး ဂိုးနည်းပြတွေအားလုံးက ကျနော့်ကိုကူညီပေးခဲ့ကြတယ်။ ချယ်လ်ဆီးတို့က တကယ်ကောင်းတဲ့ကစားသမားတွေပါ၊ သူတို့တကယ်ကောင်းကောင်းလုပ်ခဲ့ကြတာပါ၊ ဒါပေမဲ့ ဒါကိုအနိုင်ရဖို့ ကျနော်တို့ထိုက်တန်ခဲ့ပါတယ်။ ကျနော့်က ကာကွယ်မှုလုပ်ခဲ့တာဟာ ဒါကိုအနိုင်ရဖို့ ကျနော်တို့ထိုက်တန်လို့ပါပဲ။ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်ဖိုင်နယ်မှာပါ ဒါက ကျနော်တို့ကို ယုံကြည်မှုပိုပေးပါတယ်။ အခုအချိန်မှာ သိပ်ကိုကောင်းတဲ့အခိုက်အတံ့တခုပါပဲ၊ ကျနော်တို့ ပျော်ရွှင်ခံစားကြဖို့ပဲလိုပါတယ်။”

လို့ အလီကဆိုပါတယ်။ ၂၀၀၆ မှာ စတီဗင်ဂျာရတ်တို့အဖွဲ့ နောက်ဆုံးရခဲ့ပြီးနောက် ၁၆ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဒီဖလားကို လီဗာပူးတို့ပြန်ရခဲ့ရင် အောင်ပွဲခံဖို့အချိန်သိပ်မရှိဘူးလို့ ပွဲမစခင်မှာ ယာဂင်ကလော့ကပြောခဲ့ပါတယ်။ ဒီရာသီအတွက် သူတို့ရဲ့ဖလားအိတ်ထဲမှာ ၂ လုံးဝင်သွားနှင့်တာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူတို့မှာ နောက်ထပ်လိုက်ဖမ်းစရာ ၂ လုံးထပ်ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာတော့ အောင်ပွဲခံဖို့ သူ့ကစားသမားတွေကို လီဗာပူးဘော့စ်ကခွင့်ပြုထားပေမဲ့ အင်္ဂါနေ့၊ ဆောက်သမ်ပ်တန်အဝေးကွင်းပွဲဆီကို အာရုံမလှည့်ခင် အခိုက်အတံ့မျှသာပဲဖြစ်ပါတယ်။

လူးဝစ်ဒီးယက်စ်ရဲ့ခေါင်းပေါ်မှာ အက်ဖ်ဖေဖလားရဲ့ ဖြုတ်တပ်လို့ရတဲ့အဖုံးရောက်နေပါတယ်။ ဖလားနဲ့အတူ အသင်းဓါတ်ပုံအတွက် ကစားသမားတွေပို့စ်ပေးနေရင်း ရှန်ပိန်ပုလင်းပေါင်းများစွာ ပက်ဖျန်းနေကြပါတယ်။ အနိုင်သေချာစေခဲ့တဲ့ ကွန်စတန်တီနိုဆီမီးကတ်စ်ရဲ့ပင်နယ်တီဝင်သွားခဲ့တာ နာရီဝက်မကကျော်သွားခဲ့ပြီဖြစ်ပေမဲ့ ထောင်နဲ့ချီတဲ့လီဗာပူးပရိသတ်တွေကတော့ ဝင်ဘလေကွင်းထဲမှာ အကြီးအကျယ်ပါတီပေးနေကြဆဲဖြစ်ပါတယ်။