မန်ယူနိုက်တက်တို့ကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်တို့ အနေနဲ့ ဘင်ဖီကာ အသင်းရဲ့ တိုက်စစ်မှူးလေး ဒါဝင်နူနက်ကိုခေါ်ယူဖို့ ကြိုးစားတာဟာ အမှားတစ်ခုကို ပြုလုပ်သွားခဲ့တာ ဖြစ်တယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

လီဗာပူးလ်တို့ဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)နဲ့ ဒါဝင်ကို ခေါ်ယူဖို့ နီးစပ်လျက်ရှိနေပြီး၊ မကြာခင်ရက်တွေအတွင်း အပြီးသတ်ကြေညာမှုတွေ ပြုလုပ်သွားဖို့ တောင် ရှိနေပြီဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်း ရင်းမြစ်တွေကနေ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ကတော့ အစောပိုင်းမှာ ဒါဝင်ကိုခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အပြောင်းအရွှေ့ကို ပြန်လည် သုံးသပ်ခဲ့ပြီး၊ ဒါဝင်ခေါ်ယူခြင်းဟာ အဆင်အခြင်မဲ့ ငွေကြေးဖြုန်းတီးမှု တစ်ခု အဖြစ်သာ သက်မှတ်ပြီး နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လီဗာပူးလ်တို့ အနေနဲ့ ဒါဝင်ကို ပြိုင်ဘက်မရှိ ခေါ်ယူဖို့ ဖြစ်ခဲ့ပြီး မကြာခင် အပြီးသတ် သဘောတူညီမှုတွေ ရရှိသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ဟာ ဒါဝင်ကိုခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိခဲ့ပေမဲ့ လီဗာပူးလ်နဲ့အပြိုင် ဒါဝင်ကိုခေါ်ယူဖို့ ကြိုးစားခြင်းက မလိုအပ်ပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပမာဏတစ်ခုနဲ့ ခေါ်ယူရဖို့ နီးစပ်နိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့် ဒါဝင်ကိုခေါ်ယူဖို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ဟာ အတိတ်ကာလတွေမှာတုန်းကလည်း ဆန်းချက်၊ ပေါ့ဘာ၊ ဟယ်ရီမတ်ဂွဲယားနဲ့ လူကာကူတို့လို ကစားသမားတွေကို ပြောင်းရွှေ့ကြေး မြင့်မာစွာ ပေးပြီးတော့ ခေါ်ယူခဲ့တာဖြစ်ပြီး၊ မြင့်မားတဲ့ လစာငွေတွေ ပေးချေခဲ့ရပါတယ်။

အဆိုပါ အတိတ်ကာလက ဖြစ်ရပ်တွေမှာ မန်ယူနိုက်တက်တို့ ခေါ်ယူခဲ့တဲ့ အဆိုပါ ကစားသမား (၄)ဦးလုံးဟာ မန်ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပြီး မန်ယူနိုက်တက် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေကြောင့်ပဲ လက်ရှိ ဒါဝင်ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ်ဟာ မြင့်မားတဲ့ ခြေစွမ်းရှိတယ်လို့ ယူဆလို့ မရတဲ့ အခြေအနေမျိုး ဖြစ်ကြောင်း မန်ယူနိုက်တက်ဘက်က နားလည်ထားခဲ့ပြီး ခေါ်ယူဖို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူရို သန်း(၁၀၀)ထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေး ပမာဏမျိုးနဲ့ဆိုရင်တော့လည်း အခြေအနေတွေက တမျိုးတဖုံ ပြောင်းလဲ သွားနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါဝင်ဟာ ဘင်ဖီကာ အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းနေပြီး အလားအလာရှိတဲ့ တိုက်စစ်မှူးလေး သက်မှတ်ခံထားရသူပါ။

ဒါပေမဲ့ မကြာသေးခင်ကမှ ဆိုရှယ် မီဒီယာတွေထက်မှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ ဒါဝင်ဟာ အနိမ့်ဘောတွေ ထိန်းသိမ်းရာမှာ တော်တော်လေးကို ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီအခြေအနေက ပရီးမီးယားလိဂ်လို လျင်မြန်မှု အသားပေးပြီး ကြံ့ခိုင်မှု ဦးစားပေးတဲ့ လိဂ်တစ်ခုမှာ ပြောစရာ ဖြစ်လာမယ့် အချက်တွေ ဖြစ်ပြီး၊ ကလော့တစ်ယောက် ဒါဝင်ရဲ့ အားနည်းချက်တွေကို အမြန်ဆုံး ပြုပြင်ပေးနိုင်ဖို့တော့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဆိုတော့ လက်ရှိမှာ ဒါဝင်ကိုခေါ်ယူဖို့ လီဗာပူးလ်က ပြိုင်ဘက်ကင်းဦးဆောင်နေပြီး မကြာခင်မှာပဲ အပြီးသတ်ခေါ်ယူနိုင်တော့မှာ ဖြစ်သလို ကလော့လက်ထက် ဈေးအကြီးဆုံး ကစားသမား ခေါ်ယူမှုတစ်ခုလည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။