စပါးအသင်းကတော့ ကြာသပတေးနေ့မှာ အာဆင်နယ်အသင်းကို ၃ ဂိုးပြတ်နဲ့ အသာလေး အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။ အာတီတာ့ အသင်းရဲ့ နိုင်ပွဲဟာ ကွန်တီရဲ့ စပါးကိုနောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးသတ်သွားစေမှာပါ။ ဒါပေမဲ့ အာဆင်နယ် အသင်းက အစမကောင်းခဲ့ပဲ ၂၂ မိနစ်မှာပဲ ပင်နယ်တီ ခွင့်ပြုခဲ့ရပြီး တစ်ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ကိန်းဟာ ရော့ဘ်ဟိုးဒင်း အနီကဒ် ပြသခံခဲ့ရပြီး နောက်မှာတော့ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။

ဆွန်ဟောင်မင်က ပြန်လည်စတင်ပြီး ၂မိနစ် အကြာမှာပဲ တတိယဂိုး သွင်းယူခဲ့ပါတယ်။ ဟိုးဒင်း ထုတ်ပယ်ခံရမှုကြောင့် စပါးအသင်းက ပွဲစဥ်တစ်လျောက်လုံး အသာစီးရယူနိုင်ခဲ့ပါတယ်။ အာတီတာရဲ့ အသင်းက ၃၆ ပွဲမှာ ၆၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ထားနိုင်ပေမဲ့ စပါးအသင်းက ၆၅ မှတ်နဲ့ သူတို့ရဲ့ နောက်မှာ ကပ်နေပါပြီ။ ရာသီကုန်ဖို့ ၂ ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး အဆင့် ၄ နေရာ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်နေဆဲပါ။ ကဲ လန်ဒန်ဒါဘီ ပွဲစဥ်ကနေ ပြောစရာအချက်လေးတွေကို ကြည့်လိုက်ရအောင်ဗျာ။

(၅) အာဆင်နယ်နဲ့ တွေ့ဆုံမှုမှာ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတဲ့ ဟယ်ရီကိန်း။ ။ ဟယ်ရီကိန်းဟာ မကြာသေးမီက မြောက်လန်ဒန် ဒါဘီပွဲစဥ်တွေမှာ ခြေစွမ်းပြသနိုင်တဲ့ ကစားသမားပါ။ စပါးတိုက်စစ်မှူးဟာ ကြာသပတေးနေ့မှာလည်း သူ့ရဲ့ ပုံစံအတိုင်း ခြေစွမ်းပြနိုင်ခဲ့ပြီး အရေးပါတဲ့ သွင်းဂိုး ၂ဂိုးနဲ့ သူ့အသင်းကို အနိုင်ရရှိစေခဲ့ပါတယ်။ သူဟာ ၂၂ မိနစ်မှာ ပင်နယ်တီကနေ ရမ်စ်ဒေးလ်းရဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းခဲ့ပါတယ်။

ဒီလို လုပ်ခြင်းအားဖြင့် ကိန်းက ဂန်းနားတို့နဲ့ တွေ့ဆုံမှုမှာ ပင်နယ်တီတိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဗဟိုတိုက်စစ်မှူးဟာ ပင်နယ်တီ သွင်းဂိုးပြီးနောက် ၁၅ မိနစ်အကြာမှာ ဘန်တန်ကာရဲ့ ခေါင်းတိုက်ဘောကနေ ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ကိန်းရဲ့ အာဆင်နယ်နဲ့ ၁၅ ပွဲမှာ ၁၄ ဂိုးမြောက် ဖြစ်ခဲ့ပါတယ်။ သူဟာလက်ရှိ ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂၅ ဂိုး သွင်းယူထားပါတယ်။

(၄) အနီကဒ် ပြသခံခဲ့ရတဲ့ ရော့ဘ်ဟိုးဒင်း။ ။ ဘန်ဝှိုက် ကြံ့ခိုင်မှု မပြည့်ဝတာကြောင့်အာတီတာက ဦးစားပေး နောက်ခံလူနဲ့ လွဲချော်ခဲ့ရပြီး ရွေးချယ်စရာ မရှိခဲ့တာကြောင့် ရော့ဘ်ဟိုးဒင်းကို ဗဟိုခံစစ်မှာ ကစားစေခဲ့ပါတယ်။ ပထမပိုင်းရဲ့ အဓိက အကြောင်းအရာကတော့ အင်္ဂလန်သားနဲ့ ဆွန်ဟောင်မင်တို့ကြား ခွာပြဲမှု ဖြစ်ပါတယ်။ ဒီအတွဲဟာ ဖြစ်ရပ် ၄ ခုမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ထဲက ၂ ခုမှာတော့ အာဆင်နယ် နောက်ခံလူက အဝါကဒ် ပြသခံခဲ့ရပါတယ်။

ဟိုးဒင်းက ပထမ ၂ကြိမ်မှာ သက်သာရာရခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အဝါကဒ် ၂ ကြိမ်ပြသခံခဲ့ရပါတယ်။ ၃၃ မိနစ်မှာ ဟိုးဒင်းက ဆွန်ဟောင်မင်ကို တားဆီးမှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ မလိုအပ်တဲ့ ပစ်ဒဏ်ဘောပါ။ ကွင်းလယ်ဒိုင် ပေါတီယာနေးကလည်း ဒီ​ဖြစ်ရပ်မှာ ဘာမှ တုန့်ဆိုင်းမနေပဲ အာဆင်နယ် နောက်ခံလူကို နောက်တစ်ကြိမ် အသာကဒ် ပြသခဲ့ပါတယ်။ ဒါဟာ ပွဲစဥ်ထဲမှာ အခြေမကျသေးတဲ့ ဟိုးဒင်းရဲ့ အဆုံးသတ် ဖြစ်ခဲ့ပါတယ်။

(၃) တိုက်စစ် ရွေးချယ်မှု မရှိခြင်းကြောင့် နစ်နာခဲ့ရတဲ့ အာဆင်နယ်။ ။ ဂန်းနားတို့က သွင်းဂိုးတွေအတွက် ဆာလောင်နေတယ်ဆိုတာ သိသာပါတယ်။ အာတီတာရဲ့ အသင်းဟာ ၃၆ ပွဲမှာ ၅၆ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၇ သင်းထဲမှာ အနိမ့်ဆုံး သွင်းဂိုး မှတ်တမ်းပါ။ ဇန်နဝါရီလမှာ အော့ဘာမီယန်းရဲ့ ထွက်ခွာမှုကြောင့် တိုက်စစ်မှာ ရွေးချယ်စရာ ၂ ယောက်ပဲ ကျန်ရှိပါတော့တယ်။ ပြင်သစ်သားက မကြာသေးမီ ရက်တွေက ကြံ့ခိုင်မှု ပြသနာနဲ့ ရုန်းကန်နေရတာကြောင့် အန်ခီတီးရက်က ဂန်းနားတို့အတွက် ပွဲထွက်ခွင့် ရရှိနေတာပါ။

မြောက်လန်ဒန် ဒါဘီ ပွဲစဥ်မှာ ပါဝင်လာတဲ့ ၂၂ နှစ်သားဟာ သူ့ရဲ့ နောက်ဆုံး ၄ပွဲမှာ ၄ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အန်ခီတီးရက်ဟာ အမြန်ဆုံး ဒါမှမဟုတ် အားအကောင်းဆုံး မဟုတ်ခဲ့ပဲ စပါးအသင်းရဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အိုဒီဂတ် ၊ ဆာကာ နဲ့ အန်ခီတီးရက်တို့လို ကစားသမားတွေက ရုပ်ပိုင်းဆိုင်ရာဘက်မှာ အထောက်အကူ အများကြီး မရခဲ့ပါဘူး။ အာဆင်နယ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ခေါ်ယူနိုင်ခြင်း မရှိခဲ့ပဲ နွေရာသီမှာ ဒီလိုဖြစ်ဦးမယ်ဆိုရင်တော့ စိတ်ပျက်စရာတွေ ကြုံတွေ့ရဦးမှာပါ။

(၂) အရေးပါတဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်။ ။ စပါးအသင်းရဲ့ တိုက်စစ်အတွဲထဲက တစ်ယောက်ဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းနဲ့ တွေ့ဆုံမှုတွေမှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်က လီဗာပူးနဲ့ တစ်ဂိုးစီ သေရကျခဲ့တဲ့ ပွဲစဥ်မှာ အရေးပါတဲ့ သွင်းဂိုး သွင်းယူပြီးနောက် တောင်ကိုရီးယားသားဟာ အဆင့် ၄ အသင်းနဲ့ တွေ့ဆုံမှုမှာ ပုံစံကောင်း ပြသခဲ့ပါတယ်။

သူဟာ ကိန်းအတွက် ပင်နယ်တီ ရရှိအောင် စွမ်းဆောင်ပေးရုံသာမက စပါးအသင်းအတွက် ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ၂၁ ဂိုးမြောက် သွင်းဂိုး ဖြစ်ပြီး သွင်းဂိုး ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဆာလတ်ရဲ့နောက် တစ်ဂိုး အကွာနဲ့ ရပ်တည်နေပါတယ်။ ဆွန်ဟောင်မင်ဟာ ယခုနှစ်ရာသီ စီးတီး ၊ လီဗာပူး ၊ အာဆင်နယ်တို့နဲ့ ၂ပွဲလုံးမှာ သွင်းဂိုး ရရှိခဲ့ပါတယ်။

(၁) ပြီးဆုံးဖို့ နီးကပ်လာတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြိုင်ဆိုင်မှု။ ။ စပါးအသင်းရဲ့ နိုင်ပွဲဟာ ချန်ပီယံလိဂ် ဝင်ခွင့် ပြိုင်ဆိုင်မှုမှာ အခြေအနေ ကောင်းနေတယ်လို့ ဆိုလိုတာပါ။ အာဆင်နယ် အတွက် နိုင်ပွဲဆိုရင် အဆင့် ၄ နေရာက သေချာသွားပါပြီ။ အဲဒီအစား ဂန်းနားတို့ကတော့ ကစားဖို့ ၂ ပွဲ ကျန်ရှိနေသေးပြီး ဖိအားတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ စပါး အသင်းက သူတို့ထက် ဂိုးကွာခြားချက် ပိုမိုများတယ်ဆိုတာတော့ ထည့်တွက်ရမှာပါ။ ကွန်တီရဲ့ လက်ကျန် ၂ပွဲကတော့ တန်းဆင်းဇုန်ကနေ ရုန်းကနေရတဲ့ ဘန်လေနဲ့ တန်းဆင်းရတော့မဲ့ နောဝစ် အသင်းတို့နဲ့ပဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းကတော့ ပိုမိုခက်ခဲတယ်ဆိုတာ သိသာပါတယ်။ သူတို့ဟာ တိုးတက်မှု အများအပြား ရှိနေတဲ့ နယူးကာဆယ် အသင်းကို သွားရောက် ရင်ဆိုင်ရမှာပါ။ အဲဒီနောက် ဂန်းနားတို့က သူတို့ရဲ့ ရာသီပိတ်ပွဲစဥ်အဖြစ် အဲဗာတန်နဲ့ ရင်ဆိုင်ရမှာပါ။ လမ်းပတ်ရဲ့ အဲဗာတန် အသင်းဟာ တန်းဆင်းဇုန်ကနေ ရုန်းကန်နေရပြီးမကြာသေးမီ အပတ်တွေက တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။