ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ကြည့်ရှုမှု အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ စတကတစ်တာစ်ရဲ့ စစ်တမ်းကောက်ယူမှု အရ လူဦးရေ ၁.၁ ဘီလီယံလောက်ဟာ ခရိုအေးရှားနဲ့ ပြင်သစ်တို့ရဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်ကို ကြည့်ရှုခဲ့ကြပြီး ကြည့်ရှုသူ အများဆုံး နှစ် ဖြစ်ခဲ့ပါတယ်။ လာမဲ့ နိုဝင်ဘာလမှာ ကျင်းပမဲ့ ကာတာ ကမ္ဘ့ာဖလားမှာတော့ ကြည့်ရှုသူနှုန်း ပိုမိုမြင့်မားဖို့ မျှော်လင့်ထား ကြတာပါ။

ယခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း ယှဥ်ပြိုင်တော့မှာနဲ့အတူ အနိုင်ရရှိတဲ့ အသင်းသစ် ထွက်ပေါ်လာမလား? ဒါမှမဟုတ် အရင် ချန်ပီယံဟောင်းတွေကပဲ သူတို့ရဲ့ မှတ်တမ်းကို ဆက်လက် ချဲ့ထွင်သွားနိုင်မလား? စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရဖို့လည်း ရှိပါတယ်။ ကဲ ကာတာမှာ ကျင်းပမဲ့ ဖိုင်နယ်ပွဲစဥ်အတွက် အစောဆုံး ရေပန်းစားနေတဲ့ အသင်း ၅ သင်းကို ကြည့်လိုက်ရအောင်ဗျာ။

(၅) စပိန်။ ။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားဆုရှင် စပိန်အသင်းဟာ စုဖွဲ့မှုကောင်းတဲ့ အသင်းပါ။ သူတို့ရဲ့ လက်ရှိ အသင်းကတော့ လူငယ်တွေနဲ့ အသင်းကြီးတွေကို တိုက်ခိုက်နိုင်တဲ့ အသင်းမျိုးပါ။ ဒီစပိန်အသင်းကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်လောက်က စပိန်လောက် မကောင်းတော့ပါဘူး။ ဒါပေမဲ့ သူတို့က ဘယ်လို အံ့အားသင့်စရာတွေကို လုပ်ဆောင်ပြရမလဲဆိုတာ သိပါတယ်။ စပိန်အသင်းရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုကတော့ မမေ့နိုင်လောက်စရာပါ။

၂၀၁၄ ခုနှစ်မှာ အုပ်စုက ထွက်ခွာခဲ့ရပြီးနောက် ၄ နှစ်အကြာမှာတော့ ၁၆ သင်း အဆင့်မှာ ရုရှားအသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ သူတို့ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကတော့ အားတက်စရာ ဖြစ်ခဲ့ပေမဲ့ ဆီမီးဖိုင်နယ်မှာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တာပါ။ ဒီစပိန် အသင်းဟာ ဘောလုံးပိုင်ဆိုင်ချိန် သက်တောင့်သက်သာ ကစားနိုင်ပြီး အခွင့်အရေးတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ သူတို့ရဲ့ အဓိကပြသနာက သွင်းဂိုးရှာဖွေတဲ့နေရာ ဖြစ်ပါတယ်။ သူတို့သာ နောက်ဆုံး အဆင့်တွေကို ရောက်ရှိသွားရင် ဒီပြသနာကို ဖြေရှင်းဖို့ လိုပါတယ်။

(၄) အင်္ဂလန်။ ။ နှစ်ပေါင်းများစွာကြာအောင် အင်္ဂလန်အသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားမှတ်တမ်းကို ကောင်းမွန်အောင် မလုပ်ဆောင်နိုင်သေးပါဘူး။ သူတို့ဟာ အမြဲနာမည်ကြီးပေမဲ့ အစုအဖွဲ့တစ်ခုအနေနဲ့ ပုံစံကောင်းပြနိုင်တာ ရှားပါတယ်။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်ကတော့ နည်းနည်းကွဲပြားတယ်လို့ ခံစားမိပါတယ်။ ဒီအသင်းဟာ ပြီးခဲ့တဲ့ သူတို့ရဲ့ အရင်မျိုးဆက်တွေလောက် စူပါစတားတွေ မရှိပေမဲ့ အစုအဖွဲ့အဖြစ် ဘယ်လိုကစားရမယ်ဆိုတာ သိပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ အင်္ဂလန်အသင်းဟာ တိုးတက်လာခဲ့ပြီး ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ သူတို့ဟာ မိုဒရစ်ရဲ့ ခရိုအေးရှား အသင်းကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ပေမဲ့ သူတို့ပြသခဲ့တဲ့ စွမ်းဆောင်ရည်က ချီးကျူးစရာပါ။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စု (ခ)မှာ အီရန် ၊ ယူအက်စ်အေ ၊ ယူကရိန်း ဒါမှမဟုတ် ဝေးလ် တို့နဲ့ ကျရောက်နေခဲ့ပြီး သူတို့ရဲ့ ပြီးခဲ့တဲ့ ပြိုင်ပွဲ ၂ခုက ပုံစံနဲ့ဆိုရင်တော့ အုပ်စုတက်ဖို့က ပြသနာ မဟုတ်ပါဘူး။

(၃) အာဂျင်တီးနား။ ။ အာဂျင်တီးနား အသင်းကတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအတွက် ပိုကောင်းတဲ့ ပုံစံရှိနေပုံပါပဲ။ သူတို့မှာ လူငယ် ကစားသမားတွေနဲ့ ဝါရင့်ကစားသမားတွေ ရောနေပြီး ပိုမိုကောင်းမွန်တဲ့ အသင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ သူတို့က အတွေ့အကြုံရော ဖျက်လတ်မှုပါ မနိမ့်ကျဘူးလို့ ဆိုလိုတာပါ။ အာဂျင်တီးနားအသင်းဟာ ၁၉၈၆ ခုနှစ် မာရာဒိုနာ ဦးဆောင်ကတည်းက ဒီဆုကို မရရှိဖူးသေးပါဘူး။ သူတို့ဟာ ၂၀၁၄ ခုနှစ်မှာ ရရှိဖို့ နီးစပ်ခဲ့ပေမဲ့ ဂေါ့ဇီရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ဂျာမနီကို ရှုံးနိမ့်ကာ လွဲချော်ခဲ့ရပါတယ်။

ဒီနှစ်မှာတော့ သူတို့ဟာ အနည်းငယ် ကွဲပြားပုံပါပဲ။ မက်ဆီ ဦးဆောင်မှုနဲ့အတူ သူတို့ဟာ အကောင်းဆုံး ပုံစံနဲ့ ကစားထားပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က သူတို့ဟာ ဘရာဇီးကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ကိုပါအမေရိက ဖလားကို ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူးနေ့ကလည်း အီတလီကို အနိုင်ရရှိကာ ဥရောပနဲ့ တောင်အမေရိက ၂ခုပေါင်း ဆုဖလားကို ရရှိခဲ့ပါတယ်။ လက်ရှိ သူတို့ရဲ့ ပုံစံအရ အာဂျင်တီးနားကို ရေပန်းအစားဆုံး စာရင်းမှာ ထည့်သွင်းတာဟာ ချဲ့ကားတာမဟုတ်ပါဘူး။

(၂) ပြင်သစ်။ ။ ပြင်သစ်ဟာ ၂၀၁၈ ခုနှစ် ကမ္လာ့ဖလားမှာ ခရိုအေးရှားကို ၄ဂိုး ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး သမိုင်းတစ်လျောက် ဒုတိယအကြိမ်အဖြစ် ဖလားရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူတို့ဟာ ၁၉၆၂ ခုနှစ် ဘရာဇီးက ပြုလုပ်ခဲ့သလို သူတို့ရဲ့ သရဖူကို ကာကွယ်နိုင်တဲ့ ပထမဆုံး အသင်းဖြစ်လာဖို့ အရာအားလုံး ပေးဆပ်မှာပါ။ ပြင်သစ်သာ သူတို့ရင်ဆိုင်ရမဲ့ အသင်းတွေဖြစ်တဲ့ သြစတေးလျ ၊ ယူအေအီး ၊ ​ပီရူး ၊ ဒိန်းမတ်နဲ့ တူနီးရှားတို့ ပါဝင်တဲ့ အုပ်စုကနေ ထွက်ခွာတာကို ရှောင်ရှားနိုင်မယ်ဆိုရင်တော့ သူတို့ဟာ ကောင်းကောင်း ကိုင်တွယ်နိုင်မှာပါ။

အသင်းမှာ ဘန်ဇီမာ ၊ ဗာရန်း ၊ အမ်ဘာပေ ၊ ပေါ့ဘာတို့လို ကစားသမားတွေ ရှိနေတာနဲ့အတူ ပြင်သစ်ဟာ တစ်ဦးချင်း အရည်အသွေး သာလွန်နေမှာပါ။ သူတို့သာ အစုအဖွဲ့ တစ်ခုအဖြစ် ရပ်တည်ထားနိုင်ပြီး သူတို့ရဲ့ တည်ငြိမ်မှုကို ထိန်းထားကာ သူတို့ရဲ့ တိုက်ခိုက်လိုစိတ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်မယ်ဆိုရင် ပြင်သစ်ဟာ ယခုနှစ်မှာအောင်မြင်မှုတွေ ရရှိနိုင်မှာပါ။

(၁) ဘရာဇီး။ ။ ကမ္ဘာ့ဖလား ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးဟာ လက်ရှိ ပြိုင်ပွဲမှာလည်း ရေးပန်းအစားဆုံးအဖြစ် ပါဝင်လာပြီး သူတို့နဲ့လည်း ထိုက်တန်ပါတယ်။ သူတို့မှာ ကြယ်ပွင့် ကစားသမားတွေ ၊ ကောင်းမွန်တဲ့ နည်းပြကို ပိုင်ဆိုင်ထားပါတယ်။ ဘရာဇီးသာ သူတို့ရဲ့ တည်ငြိမ်မှုကို ထိန်းထားနိုင်ရင် ယခုရာသီ ကာတာမှာ နောက်ထပ် ဖလားတစ်လုံး ထပ်မံမထိန်းသိမ်နိုင်စရာ မရှိပါဘူး။ ဘရာဇီးဟာ ၂၀၀၂ ခုနှစ် ဖိုင်နယ်မှာ ရိုနယ်ဒိုရဲ့ သွင်းဂိုး ၂ဂိုးနဲ့ ဂျာမနီကို အနိုင်ရရှိပြီး ဆုဖလားကိုင်မြောက်ခဲ့ပါတယ်။

လက်ရှိ ဘရာဇီးအသင်းကတော့ ရော်နယ်ဒိုလောက် အဆုံးသတ်ကောင်းတဲ့ ကစားသမား မရှိပါဘူး။ ဒါပေမဲ့ သူတို့ဟာ အသင်းကြီး တစ်သင်းအဖြစ် ရပ်တည်နိုင်ဖို့ လုံလောက်ပါတယ်။ သူတို့ဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ထိပ်ဆုံးနေရာကနေ အောင်မြင်ခဲ့တာပါ။ ဘရာဇီးရဲ့ မကြာသေးမီက ကမ္ဘာ့ဖလား စွမ်းဆောင်ရည် ကတော့ စိတ်ပျက်စရာပါ။ ၂၀၁၄ ဆီမီးဖိုင်နယ်မှာ ဂျာမနီကို ၇ဂိုး ၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။