အီတလီ တိုက်စစ်မှူးဟောင်း ဒယ်လ်ပီယာရိုက အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ၂၀၂၂ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် အဆိုပါ နိုင်ငံအသင်း နှစ်သင်းစလုံး အနေနဲ့ ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ဆိုရင် ပြိုင်ပွဲတလျှောက် လမ်းကြောင်းမှန်ပေါ် ရှိနေဖို့ လိုအပ်ကြောင်းနဲ့၊ ပြိုင်ပွဲစတင်ချိန် ကတည်းက အကောင်းဆုံး လုပ်ဆောင်ဖို့လည်း လိုအပ်ကြောင်း ဒယ်လ်ပီယာရိုက ပြောထားပါသေးတယ်။

အာဂျင်တီးနား အသင်းဟာ ဗုဒ္ဓဟူးညက ဝင်ဘာလေ ကွင်းကြီးအတွင်း ဥရောပ ချန်ပီယံ အီတလီနဲ့ ကစားခဲ့တဲ့ပွဲမှာ ၃-၀ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က ကိုပါအမေရိက ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် နောက်ထပ် ဆုဖလားတလုံး ထပ်မံ ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ဒယ်လ်ပီယာရိုက မက်ဆီရဲ့ အာဂျင်တီးနား အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ အခွင့်အရေး ပိုများနေကြောင်းနဲ့ ဒီပြိုင်ပွဲမှာ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီ အသင်းလည်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေတယ်လို့ အခုလို ပြောသွားခဲ့ပါတယ်။

“ဘောလုံး အသင်းတသင်းဟာ စုစုစည်းစည်းနဲ့ ကစားနိုင်မယ်ဆိုရင် သူတို့ အံ့ဩစရာကောင်းတဲ့ အရာတွေကို လုပ်ပြနိုင်ပြီး၊ အောင်မြင်မှု ရယူနိုင်လိမ့်မယ် ဆိုတာကို ယူရို၂၀၂၀ ပြိုင်ပွဲက သက်သေပြခဲ့ပြီးပါပြီ။”

“ဒါ့ကြောင့် လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အသင်းတွေ အသင်းလိုက် စုစည်းမှုရှိရင် အောင်မြင်မှုရဖို့ အခွင့်အရေး ရှိနေပါတယ်။ နောက်ပြီး မက်ဆီ အတွက် ဒီပြိုင်ပွဲက နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဆိုတဲ့ ခံစားချက်မျိုးလည်း ရှိနေပါတယ်။”

“ထို့အတူပဲ ရော်နယ်လ်ဒို အတွက်လည်း ဒီပြိုင်ပွဲက နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်သွားနိုင်ပါတယ်။ သူတို့နှစ်ယောက်မှာ ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် ဆင်တူနေတဲ့ အချက်တွေ တော်တော်များများ ရှိနေပါတယ်။”

“ကျွန်တော်တို့ အနေနဲ့ ဒီလို အံ့ဩစရာကောင်းတဲ့ ကစားသမား နှစ်ယောက်ကို တကယ်ကောင်းတဲ့ အသင်းတွေနဲ့ သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲအဖြစ် ကြည့်ရှုခွင့်ရတာ အရမ်းကောင်းတဲ့ ကိစ္စတခု ဖြစ်လာမှာပါ။”

“နောက်ပြီး သူတို့ နှစ်သင်းထဲက တကယ်ကောင်းတဲ့ အသင်းဟာ ချန်ပီယံဆုကို ရယူသွားနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကာလက တလပဲ ယှဉ်ပြိုင်ရမှာလေ။ အဲဒီကာလအတွင်း အမှားနည်းအောင် ကစားနိုင်ရင် သူတို့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေပါတယ်။”

“ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ချင်တဲ့ အသင်းတိုင်းဟာ တလလောက် ပြီးပြည့်စုံတဲ့ အသင်းမျိုး ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး ဒီပြိုင်ပွဲမှာ အကောင်းဆုံး စတင်နိုင်ဖို့နဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဖို့လည်း လိုအပ်ပါသေးတယ်။”

“ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနား အသင်းနဲ့ ရော်နယ်လ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီ အသင်းတို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေမှာပါ။ နောက်ပြီး သူတို့ ဒီပြိုင်ပွဲကို အကောင်းဆုံး စတင်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်နေပါတယ်။”

ဆက်လက်ပြီး ဒယ်လ်ပီယာရိုက အာဂျင်တီးနား အသင်းဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အကောင်းဆုံးအသင်း မဟုတ်ပေမယ့်၊ သူတို့ဟာ သန်မာတဲ့ အသင်းတသင်း အဖြစ် သက်သေပြချင် နေလိမ့်မယ်လို့ ခံစားမိကြောင်း အခုလို ထပ်ပြောခဲ့ပါတယ်။

“အာဂျင်တီးနား အသင်းက လက်ရှိမှာ အကောင်းဆုံး အသင်းလားလို့ မေးလာခဲ့ရင်၊ လုံးဝ မဟုတ်ဘူးလို့ ဖြေရမှာပါ။ ဒီပြိုင်ပွဲမှာ သူတို့ထက် ပိုကောင်းတဲ့အသင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ချန်ပီယံ ဖြစ်ဖို့ဆိုတာ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ်။ သူတို့က အဲလိုအသင်း ဖြစ်တယ်ဆိုတာ သက်သေပြချင် နေပါလိမ့်မယ်။”