၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကတော့ နီးကပ်လာပြီ ဖြစ်ပြီး ဒီပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမှုတွေကလည်း စတင် ဖြစ်ပေါ်နေကြပါပြီ။ အသင််းတိုင်းရဲ့ နာမည်ကြီး ကစားသမားတိုင်း ပါဝင်ပွဲထွက်လာမှာဖြစ်ပြီး ဘောလုံးလောကရဲ့ အခမ်းနားဆုံး ဆုဖလားကြီးကို အိမ်ကို သယ်ဆောင်နိုင်ဖို့ သူတို့မှာ ရှိသမျှနဲ့ ကြိုးစားကြမှာပါ။ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပွဲစဥ်အတွက် ပီတိတွေ ကြားမှာ အချို့သော ခါးသီးတဲ့ သတင်းတွေ ရှိနေပါသေးတယ်။ ယခုခေတ်ရဲ့ နာမည်ကျော် ကစားသမား အချို့ကတော့ လာမဲ့ ဒီဇင်ဘာလမှာ သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဥ်ကို ကစားသွားရတော့မှာပါ။

ကဲ ကာတာမှာ သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားကို ကစားသွားရမဲ့ ကစားသမားတွေကို ကြည့်လိုက်ရအောင်ဗျာ။ (၅) သောမတ်စ်မူလာ (ဂျာမနီ)။ ။ မူလာဟာ သူ့ခေတ်မှာတော့ အကောင်းဆုံးနဲ့ အရည်အသွေး အရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ နေရာလွတ်တွေကို ရှာဖွေ ပေးပို့နိုင်တဲ့ ကစားသမားဟာ ကမ္ဘာ့ဖလားမှာ ဂျာမနီအတွက် ခြေစွမ်းပြသခဲ့ပါတယ်။ သူဟာ ဂျာမနီရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား အောင်မြင်မှုမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

မူလာဟာ သူ့ကစားသမား ဘဝတစ်လျောက် ကမ္ဘာ့ဖလား ၁၆ ပွဲမှာ ၁၀ ဂိုး သွင်းယူပြီး ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ လက်ရှိ အသက် ၃၂ နှစ် ရှိပြီဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံး ပွဲစဥ် ဖြစ်နိုင်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုကနေ ထွက်ခွာခဲ့ရပြီးနောက် မူလာကတော့ ကာတာမှာ အစွမ်းကုန် ကြိုးစား သွားမှာပါ။

(၄) လူးဝစ်ဆွာရက် (ဥရုဂွေး)။ ။ ဆွာရက်ဟာ သူ့ခေတ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးဆိုတာ ငြင်းလို့မရပါဘူး။ ဥရုဂွေးသားဟာ လက်ရှိ သူ့ရဲ့ အထွပ်အထိပ်ကို ကျော်လွန်သွားပြီ ဖြစ်ပေမဲ့ သူဟာ နိုင်ငံအသင်းအတွက် အကျိုးရလဒ်တွေ ပေးနေဆဲပါ။ ဆွာရက်ဟာ ကာတာမှာ ကျင်းပမဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ဒီရေဂိုအလွန်ဆိုရဲ့ အသင်းအတွက် တိုက်စစ်ပိုင်းကို ဦးဆောင်သွားမှာပါ။

သူဟာ ကမ္ဘာ့ဖလားမှာ ဥရုဂွေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပြီးပါပြီ။ ကမ္ဘာ့ဖလား ၁၃ ပွဲမှာ ဆွာရက်ဟာ ၇ ဂိုး သွင်းယူထားပြီး ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ ဆွာရက်ဟာ လက်ရှိ အသက် ၃၅ နှစ် အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်ပုံပါပဲ။

(၃) လူကာမိုဒရစ် (ခရိုအေးရှား)။ ။ မိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ ပုံစံကောင်း အပြသနိုင်ဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာ ပြင်သစ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မိုဒရစ်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ရွှေဘောလုံးဆု ရရှိခဲ့ပါတယ်။ ၃၆ နှစ်အရွယ် ကစားသမားဟာ မက်ဒရစ်နဲ့အတူ အောင်မြင်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး လာလီဂါရော ချန်ပီယံလိဂ် ဖလားပါ ရရှိခဲ့ပါတယ်။

မိုဒရစ်ဟာ လက်ရှိ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်ပေမဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေဆဲပါ။ ဒါပေမဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကတော့ သူ့ရဲ့ နောက်ဆုံး ဖြစ်ပုံပါပဲ။ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလား ရောက်ရင်တော့ အသက် ၄၀ ကို ရောက်ရှိနေမှာဖြစ်ပြီး အဲဒီအချိန်မှာတော့ အနားယူလောက်မှာပါ။

(၂) ရော့ဘတ်လီဝန်ဒေါ့စကီး (ပိုလန်)။ ။ လီဝန်ဒေါ့စကီးဟာ ဥရောပရဲ့ ထိပ်သီးလိဂ် ၅ ခုမှာ အကောင်းဆုံး တိုက်စစ်မှူးပါ။ ဘိုင်ယန်တိုက််စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီ ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ဂိုး ၅၀ သွင်းယူထားပြီး ဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပါတယ်။ လီဝန်ဒေါ့စကီးဟာ သူ့ရဲ့ ကမ္ဘာ့ဖလာယ ပွဲဦးထွက်ကို ၂၀၁၈ ခုနှစ်မှာပြုလုပ်ခဲ့တာပါ။

သူ့မှာမမေ့နိုင်စရာ ပြိုင်ပွဲတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲ ၃ ပွဲမှာ ဂိုးမသွင်းယူနိုငိခဲ့သလို ဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိ သူ့ရဲ့အကောင်းဆုံး ပုံစံကို ရောက်ရှိနေပြီး ယခုနှစ် ကာတာမှာ သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ဖို့ မျှော်မှန်းထားမှာပါ။ လီဝန်ဒေါ့စကီးဟာ လက်ရှိ အသက် ၃၃ နှစ်ရှိပြီ​ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားက သူ့ရဲ့ နောက်ဆုံး မဖြစ်ဖို့ မျှော်လင့်ရပါတယ်။

(၁) ခရစ်စတီယာနိုရော်နယ်ဒို (ပေါ်တူဂီ)။ ။ ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ သမိုင်းတစ်လျောက် ဂိုးသွင်းအများဆုံး ကစားသမားပါ။ ၃၇ နှစ်အရွယ် ကစားသမားဟာ ၁၈၉ ပွဲမှာ ၁၁၇ ဂိုး သွင်းယူထားပြီး ကမ္ဘာ့ဖလားကို သယ်ဆောင်နိုင်ဖို့ မျှော်မှန်းထားမှာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နှစ်တွေက လျင်မြန်မှုတွေ ပျောက်ဆုံးခဲ့ပြီး သူအကောင်းဆုံး အချိန်တုန်းကလို လွှမ်းမိုးနိုင်ခြင်း မရှိတော့ပါဘူး။

ဒါပေမဲ့ သူဟာ အံ့သြစရာ တိုက်စစ်မှူးအဖြစ် ဆက်လက်ရှိနေပြီး ပြိုင်ဘက်ဧရိယာမှာ အဆုံးသတ် ကောင်းမွန်တဲ့ ကစားသမားပါ။ ရော်နယ်ဒိုဟာ ဒီနှစ်မှာ ယူနိုက်တက်နဲ့အတူ ဆိုးဝါးတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အသက် ၄၁ ကို ရောက်ရှိနေမှာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ကစားသမား ဘဝမှာ နောက်ဆုံး ကမ္ဘာ့ဖလားလို့ ဆိုရမှာပါ။